Monday, April 7, 2008

"မ......နဲ့''

မခင်ပါနဲ့
ခင်ပြီးရင် မခွာတတ်လို့ပါ...

မချစ်ပါနဲ့
ချစ်ပြီးရင် မမုန်းတတ်လို့ပါ...

မခွဲပါနဲ့
ခွဲပြီးရင် ပြန်မတွေ့မှာစိုးလို့ပါ...

မမေ့ပါနဲ့
မေ့ပြီးရင် ပြန်သတိမရမှာစိုးလို့ပါ...

မမုန်းပါနဲ့
မုန်းပြီးရင် အမြဲတမ်းတကျန်တတ်လို့ပါ...

"အာ...စိုးရိမ်တတ်ရန်ကောလို့လည်း
မပြောပါနဲ့လား ချစ်သူ..."

မပြုံးပါနဲ့
ပြုံးပြီးရင် ထာဝရစွဲကျန်တတ်လို့ပါ...

မမဲ့ပါနဲ့
မဲ့ပြီးရင် စိတ်ညစ်သွားမှာစိုးလို့ပါ...

မပျော်ပါနဲ့
ပျော်ပြီးရင် ပျောက်သွားမှာစိုးလို့ပါ...

မငိုပါနဲ့
ငိုပြီးရင် မောနေမှာစိုးလို့ပါ...

"အဲ..လွန်လွန်းတယ်လို့လည်း
မထင်ပါနဲ့လား ချစ်သူ..."

မလွမ်းပါနဲ့
လွမ်းပြီးရင် တမ်းတမှုတွေကုန်သွားမှာစိုးလို့ပါ...

မရေးပါရစေနဲ့
ရေးမိရင် ကဗျာဖြစ်သွားတတ်လို့ပါ...

မညည်းပါရစေနဲ့
ညည်းမိရင် သီချင်းဖြစ်သွားတတ်လို့ပါ...

''အင်း..နားလည်မှုတွေလည်း မရပ်လိုက်နဲ့
မေတ္ဖာတရားတွေလည်း မလျှော့လိုက်နဲ့
အသည်းနဲ့ထပ်တူ ထာဝရရှိနေပါစေ ချစ်သူ.....


ကိုသူ

ကျေးဇူးပါ

ကျေးဇူးပါ
ငါ့အတွေးမှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့အိပ်မက်မှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့ကဗျာမှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့သီချင်းမှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့အချစ်မှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့ဘ၀မှာ မင်းရှိနေတဲ့အတွက်

ငါ့အတွေးမှာ စိုးမိုး
ငါ့အိပ်မက်မှာ မင်းမူ
ငါ့ကဗျာမှာ ပိုင်စိုး
ငါ့အတွေးမှာ မွေးဖွား
ငါ့အချစ်ကိုသိမ်းပိုက်
ငါ့ဘ၀ကို ရှင်သန်
အကြင်နာအားလုံးရဲ့သခင်ရေ
ငါ့ဝိညာဉ်အချစ်ကမ္ဘာမှာ
မင်းရှိနေတာကိုက
ကျေးဇူး ကျေးဇူး ကျေးဇူးပါ အချစ်ရယ်......

Saturday, April 5, 2008

ကဗျာ...

နှလုံးသားပြတိုက်...

ရင်ဇွင့်လှစ်ဟမှုတစ်ခု...

စိတ်ကူးပန်းချီကားတစ်ချပ်...

အားဆေးတစ်ခွက်...

ထာဝရအဖော်မွန်...


ကိုသူ





Wednesday, April 2, 2008

တစ်ခါတစ်ခါ.......

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့နေမင်း
ငါ့ဘ၀အမှောင်ကမ္ဘာကို အလင်းပေးနေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့လမင်း
ငါ့ဘ၀ရင်ခွင်အစုံကို အေးမြစေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့ကြယ်စင်
ငါ့ဘ၀လမ်းပျောက်တာကို လမ်းပြနေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့အိုအေစစ်
ငါ့ဘ၀ခြောက်သွေ့တာကို စိမ်းလန်းစေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့သခင်
ငါ့ဘ၀လမ်းစတွေကို ဖွေရှာပေးသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့သူငယ်ချင်း
ငါ့ဘ၀အဖော်မဲ့မှုကို ဖေးမကူသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့လေညှင်း
ငါ့ဘ၀အမောတွေကို ပြေ လန်းစေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့ကဗျာ
ငါ့ဘ၀ကာရန်မညီတာကို လှပစေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့သီချင်း
ငါ့ဘ၀အထီးကျန်တာကို စိုပြေမှုပေးသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့ပန်းလေး
ငါ့ဘ၀အနံမဲ့မှုကိုမွှေးမြစေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့ငှက်ကလေး
ငါ့ဘ၀ မနက်ခင်းများကို အလှဆင်နေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့နတ်သမီး
အလှမရျိတဲ့ ငါ့ဘ၀ကို အလှရှိစေသူ

တစ်ခါတစ်ခါ.......မင်းဟာ ကိုယ့်ရဲ့ပန်းတိုင်
ယိုင်နဲ့နေသော ငါ့ဘ၀ကို တည့်မတ်စေသူ

ငါ့အသိ ငါ့အမြင်
ငါ့ဝိညာဉ်မှာ မင်းသာရှိရင်
မပြည့်စုံမှုက ပြည့်စုံလာ
မပြည့်ဝမှုတွေ ပြည့်ဝလာ
မလှပမှုတွေ လှပလာ
ခြောက်သွေ့မှုတွေ စိမ်းလန်းလာ
မရေရာမှုတွေ သေချာလာတယ်လို့....
ငါပြောမိရင် မင်းငြင်းပယ်ဦးမှာလား ချစ်သူရေ....

မရှိမဖြစ်ပြတိုက်

မင်းရဲ့ရုပ်သွင်ကို ပန်းချီရေးကြည့်တယ်

ကိုယ်ရေးချယ်တဲ့ စုတ်ချက်တွေက

မင်းအလှကို ပီပြင်အောင် မဖော်ပြနိုင်ပါလားကွယ်....

မင်းရဲ့ ကိုယ်ဟန်ကို ပန်းပုထုကြည့်တယ်

ကိုယ်ထုဆစ်တဲ့ ထွင်းချက်တွေက

မင်းအလှကို ပေါ်လွင်အောင် မတင်ပြနိုင်ပါလားကွယ်....

မင်းကို ကိုယ်ချစ်တာကို ကဗျာရေးကြည့်တယ်

ကိုယ်ရေးစက်တဲ့ ကာရန်တွေက

ငါ့အချစ်ကို မင်းအသိအမှတ်ပြုဖို့ဖွဲ့နွဲ့နိုင်ပါလား...

မင်းကို ကိုယ်တမ်းတတာကို တေးဆိုကြည့်တယ်

ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက

ငါ့လွမ်းဆွတ်မှုတွေကို မင်းလှည့်ကြည့်ချင်လောက်အောင် မသီကျူးနိုင်ပါလား...

ဒါပေမယ့်လေ..

ဘာပဲဖြစ်ဖြစ်ပေါ့...

မင်းရဲ့အလှကို ပန်းချီချယ်နေမယ်

မင်းရဲ့ အသွင်ကို ပန်းပုထုမယ်

မင်းအတွက်ငါ့အချစ်ကို ကဗျာရေးဖွဲ့မယ်

မင်းကိုတမ်းတမှုကို တေးသီကျူးမယ်

ဒါတွေက ငါ့အတွက် မရှိမဖြစ် အနုပညာကမ္ဘာ

ဖန်တီးမှုများစွာရဲ့ ပြတိုက်ပါပဲကွယ်.....

ကိုသူ