Tuesday, December 11, 2007

ဘဝ




ဘဝ
မွေးဖွားခြင်းကစခဲ့တယ်။
ဘာမှမသိတဲ့ ကလေးငယ်ဘ၀ကနေ
တရွေ့ရွေ့နဲ့သိလာ
ဒါကအမိ ဒါကအဖတဲ့။
တစစနဲ့ ကြီးပြင်းလာ
ဒါကသူငယ်ချင်း ဒါကမိတ်ဆွေ
ဒါက၀ံပုလွေ ဒါကရန်သူ
ဒါကချစ်သူ ဒါကမယား
ဒါကသား ဒါကမြေးမြစ်
တရစ်ရစ်နဲ့ နှောင်ဖွဲ့လာ
မရုန်းထွက်သာတဲ့ဒီသံယောဇဉ်ကြိုးများ...
ဘကုန်းရယ်
ဝလုံးရယ်
နှစ်လုံးထံနဲ့ ရှုတ်နေတဲ့အရာ
အဲဒါဘ၀ပေါ့...
တစ်ရက်ရက်နဲ့ အိုမင်းလာ
သေခြင်းတရာလည်း နီးကပ်လာတော့
စည်းကပ်ပြီ ဘုရားတရား
မှားပြီးရင်းမှားခဲ့တာတွေ
သွားပြီးရင်သွားရဦးမယ် သံသရာဝဲ
ကဲ...ဘ၀ဆိုတာဒါပါပဲ...
မွေးဖွားခြင်းကစ
သေဆုံးခြင်းနဲ့ တခန်းရပ်
ဘ၀အစနဲ့ နိဂုံးကမတ်
မမုန်းလေသမျှ
လည်ပတ်ကြရလေဦးမှာ
သမုဒ္ဒရာပမာ ဒီသံသရာထဲ...

ကိုသူ

Monday, December 3, 2007

ပါရစေ....


မင်းဘာဖြစ်ဖြစ်
မင်းစိတ်ညစ်ညစ်
မင်းသိပ်ပျော်ပျော်
အဖော်ဘေးနား
အားပေးဖေးမ
ထာဝရပါကွာ
နေပါရစေ..
မင်းဘယ်သွားသွား
မင်းအနားယူယူ
မင်းလှုပ်ရျားရှား
အနားနားမှမခွာ
မကွာအစဉ်မြဲ
လက်တွဲကာသာ
နေပါရစေ...
မင်းဘယ်လိုထင်ထင်
မင်းဘယ်လိုမြင်မြင်
မင်းဘယ်လိုကြားကြား
တစ်ပါးသူစကား
နားမယောင်ပါနဲ့
မင်းစိတ်နဲ့ပြန်လှန်
ဝေဖန်ဆုံးဖြတ်အပြစ်ပေးပါကွယ်...
ငါဘာသိသိ
ငါဘာရှိရှိ
ငါဘာဖြစ်ဖြစ်
မင်ူကိုချစ်တာ
ဒီသစ္စာနဲ့
မေတ္တာတွေသာ
ရှေ့မှာထားမည်
ယုံကြည်ပါနော်
ဖော်မွန်ပမာ
တစ်သက်စာလေ
နေပါရစေ.....


ကိုသူ

အဓိက


ပြောနေတိုင်းလည်း ကြားသည်မဟုတ်ပါ
စိတ်မှာသိကာ ကြားနိုင်ပါသည်။
မြင်နေတိုင်းလည်း တွေ့သည်မဟုတ်ပါ
စိတ်မှာသိကာ တွေ့နိုင်ပါသည်။
အနားနေတိုင်းလည်း ရှိသည်မဟုတ်ပါ
စိတ်မှာသိကာ ရှနိုင်ပါသည်။
သွားပေမယ့်လည်း ရောက်သည်မဟုတ်ပါ
စိတ်မှာသိကာ ရောက်နိုင်ပါသည်။
ပြောပေမယ့် မကြား
မြင်ပေမယ့် မတွေ့
အနားနေပေမယ့် မရှိ
သွားပေမယ့် မရောက်သော
သဘောတွေရှိလေရဲ့...
စိတ်မှာသိက
မပြောလည်းကြား
မမြင်လည်းတွေ့
အနားမနေလည်း ရှိ
မသွားလည်းရောက်သော
ဒီသဘောတွေပါ
စိတ်သာရှိပါ
စိတ်သာအဓိကပါကွယ်...

ကိုသူ

Saturday, November 17, 2007

ကျနော့အဖော်လေးများ....


ချစ်သူက ငါ့ကို

မတွေ့လိုတဲ့အခါ

ကာရန်၊ကဗျာလေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့ကို

မမြင်လိုတဲ့အခါ

ဂစ်တာ သံစဉ်လေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့အသံကို

မကြားလိုတဲ့အခါ

အတွေးနဲ့ အိပ်မက်တွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့ကို

လက်တွဲဖော်လို့ မထင်တဲ့အခါ

စာပေနဲ့ ၀ထ္ထုတိုလေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့....

အဲဒီတော့ ....ချစ်သူရေ

ထားခဲရင်နေခဲ့မယ်

မင်းမုန်းရင် မေ့ပါကွယ်

မင်းမလိုရင် လက်မတွဲပါနဲ့

ဘ၀ရဲ့အဖော်လေးတွေပဲ ငါ့တစ်သက်စာရယ်...


ကိုသူ

Monday, November 5, 2007

နေ့..ည..ဘ၀..


ငါရဲ့ည...



မှောင်မိုက်လှပါလား



ဘယ်သွားနေလည်း



ကိုယ့်အသည်း ငွေလမင်းရေ...



ငါရဲ့နေ့...



ခြောက်သွေ့လှပါလား



ဘယ်သွားနေလည်း



ကိုယ့်အသည်း ရှင်နေမင်းရေ..



ငါရဲ့ဘ၀...



ကန္တာရပမာပါလား



ဘယ်မှာနားရမလည်း



ကိုယ့်အသည်း အိုအေစစ်ကလေးရေ...



နေ့တွေ ညတွေ



ဘ၀တွေမှာ မင်းသာမပါရင်



ရှင်နေပေမယ့် အသက်မရှိသလို



မင်းဟာ တစ်ကယ်ဆို



ကိုယ်ရဲ့ နေ့ည



ကိုယ့်ဘ၀ပါပဲ ချစ်သူရေ...



ကိုသူ

Monday, October 29, 2007

လွမ်း...


လွမ်း..လွမ်း..လွမ်း...



မှန်းဆကလေ လွမ်းရပြန်သည်



သူရှိလေရာ နေရာဆီသို့



သူအရာရာ အဆင်ပြေပါစေပေါ့...



ဆွေး...ဆွေး...ဆွေး...



တွေးငေးကာလေ ဆွေးရပြန်ပြီ



သူနှင့်ဆုံရာ နေရာရောက်တိုင်း



သူပြန်လာမည့် နေရက်လက်ချိုးကာပေါ့...



လွမ်းဆွေးတမ်းတ



သတိရနေသည်



အချိန်တိုင်းပဲကွယ်



သူလည်းကိုယ့်လိုရှိနေစေကြာင်း



ကြိတ်ဆုတောင်းနေ



မချစ်ခင်က လွမ်းနေသူပါ ချစ်သူရေ....



ကိုသူ

ဆွေး


မင်းနဲ့မတွေ့တော့လည်းဆွေး

မင်းအသံမကြားရလည်းဆွေး

မဆုံရတိုင်းဆွေးဆွေးဆွေး...

နံနက်ခင်းဟာလည်းသာယာမှုမဲ့

ကျေးငှက်သံလေးတွေလည်း ခံစားမှုမထွက်

သီချင်းတွေသံစဉ်မဲ့

ကဗျာတွေ ကာရန်မဲ့

အချစ်တွေမှာ ဘာသာမဲ့ပြီမို့

ဆွေဆွေးဆွေးနေရပြီ ချစ်နေသူရယ်

ဖယ်ခွာယိမ်းလို့ တိမ်းပြီလားကွယ်

အပြစ်ရှိရင် တောင်းပန်ပါသည် ကျေနပ်သည်အထိ

ခံယူဖို့အတွက် အမြဲအဆင်သင့်ပါပဲ

စိမ်းကားရက်သူ ရှောင်ခွာသူရယ်.....

ကိုသူ

ကလေးရယ်....


ကလေးရယ်....

ဝေးတိုင်းဝေးတိုင်း

လွမ်းဆွေးနေအောင်

တမ်းတစေအောင်

မင်းဘာတွေများဆောင်ထားလဲ.....

ကလေးရယ်....

ပြုံးတိုင်းရယ်တိုင်း

ရင်ထဲလှိုင်းထ

ရင်ခုန်ရအောင်

မင်းမှာအဆောင်လက်ဖွဲ့ရှိနေသလားဟင်...

ကလေးရယ်....

စိတ်မရွှင်ပြလို့

စိတ်ကောက်ပြတဲ့

မင်းရဲ့မျက်နှာ

ပြုံးရယ်လာအောင်

ငါ..ဘာတွေများ ဆောင်ထားရမလဲကွာ....

ကလေးရယ်...

ချစ်တယ်ချစ်တယ်

စကားကြွယ်လို့

ဖွင့်ဟဖို့မရဲ

မင်းရင်ထဲကို ရောက်အာင်

အဆောင်လက်ဖွဲ. ဘယ်လိုငါရှာရမလဲဟာ.................



ကိုသူ(ကလေးသို့....)

လူကြီးရယ်...


လူကြီးရယ်...



ဝေးတိုင်းဝေးတိုင်း

လွမ်းဆွေးမနေပေါင်

ပျော်ရွှင်စေအောင်

ခင်ဗျားဘာတွေများဆောင်ထားလဲ.....





လူကြီးရယ်...



မဲ့တိုင်းရွဲ့တိုင်း

ရင်ထဲကြောက်ရ

ရင်တုန်ရအောင်

ခင်ဗျားမှာအဆောင်လက်ဖွဲ့ရှိနေသလားဟင်...



လူကြီးရယ်...



စိတ်ရွှင်ပြလို့

စိတ်ကောင်းဝင်တဲ့

ခင်ဗျားရဲ့မျက်နှာ

အီးမှန်သွားအောင်

ကျနော်..ဘာတွေများ ဆောင်ထားရမလဲဗျာ....



လူကြီးရယ်...



မုန်းတယ်မုန်းတယ်

စကားနည်းလို့

စိတ်ကုန်ပါရဲ့

လောကအပြင်ခင်ဗျားရောက်သွားအောင်

အဆောင်လက်ဖွဲ. ဘယ်လိုကျနော်ရှာရမလဲဗျာ.................



ကလေး

လူ နဲ့ ငွေ



တစ်ချက်လောက်စဉ်းစားကြည့်ပါ



လောကမှာ



ငွေဟာ အရေးကြီးဆုံးလား....



ငွေရှိဖို့ လိုအပ်တယ်ဆိုပေမယ့်



ငွေနဲ့ ၀ယ်လို့ရတိုင်း တန်ဖိုးရှိမရှိ



ဆုံးဖြတ်ကြည့် နိုင်ပါသလား....



ငွေကို လူက လုပ်တာလား



လူကို ငွေကလုပ်နေသလား



ငွေနဲ့လူလား လူနဲ့ ငွေလား...



ငွေရှိတိုင်းရော စိတ်ချမ်းသာလား



ငွေမရှိတိုင်းလဲ စိတ်ဆင်းရဲပါသလား....



ငွေပါမှ နေသာလား



ငွေမပါရင်ရော မနေရဘူးလား...



ငွေက တန်ဖိုးကို ပြောတာလား



တန်ဖိုးကို ငွေကပြောတာလား....



ငွေနဲ့ အရာရာတိုင်းကို ၀ယ်နိုင်လား



ငွေနဲ့ ၀ယ်တိုင်းရော တန်ဖိုးထားနိုင်လား...



လူမိုက်နှင့် ငွေ အတူမနေတဲ့



ငွေနဲ့ နေတိုင်းရော လိမ်မာပါသလား....



အချိန်ကို ငွေနဲ့ ၀ယ်နိုင်လား



အချိန်ကို ငွေက ဖြုန်းနေလား...



ငွေပုံပေါ်မှာ ထိုင်ပြီးရော ပျော်နိုင်လား



ငွေမရှိတိုင်းရော ငိုနေလား...



ငွေမရှာရင် မဖြစ်ပေမယ့်



ငွေရပြီးတိုင်းရော ပြီးဘီလား...



ငွေကြောင့် အရာရာဟာဖြစ်နိုင်လား



ငွေပါရင် သေချာလား...



ငွေနောက်လိုက်ပြီးတော့ သေမှာလား



ငွေကို ဖက်ပြီးတော့ သေမလား...



စဉ်းစားကြည့်တိုင်း တရားရစရာ



ငွေနဲ့ လူ အကြောင်း



တစေတစောင်း......



ကိုသူ(လူသားအားလုံးသို့.......)

အရာရာမှာမင်း....


အိပ်မက်တိုင်းမှာ မင်း

နိုးထလာတိုင်လည်းမင်း...

စိတ်ညစ်နေလည်းမင်း

ပျော်စရာတွေလည်မင်း...

အားငယ်တိုင်းလည်းမင်း

တက်ကြွတော့လည်းမင်း...

သံစဉ်တိုင်းလည်းမင်း

ကာရန်တွေလည်းမင်း...

အသက်ရှင်ခြင်းဟာမင်း

အင်း...နောက်ဆုံးထွက်သက်ထိသာ မင်းဖြစ်နေတော့.......



ကိုသူ

စိုး...


မပြောရက်ပါ

သူ့စိတ်ညစ်မှာစိုးလို့...

မမေးရက်ပါ

သူ့အဖြေခက်မှာစိုးလို့....

မခေါ်ရက်ပါ

သူပင်ပန်းမှာစိုးလို့(ကိုယ်လျှောက်မယ့်လမ်းကြမ်းတယ်လေ)......

မချစ်ရက်ပါ

သူအခင်မင်ပျက်မှာစိုးလို့....



ကိုသူ

Wednesday, October 24, 2007

ပြန်လာပါ..............



ပျင်းလိုက်တာကွယ်..



မင်းမရှိတော့



သိသိသာသာ



ပျင်းရိလာသည်



ညည်းငွေ့စရာ နေ့တွေပါလား....



လွမ်းလိုက်တာကွယ်..



မင်းမရှိတော့



ဟာတိတာတာ



လွမ်းမိပါသည်



ဆွေးမြေ့ဖွယ်ရာ ရက်တွေပါလေ....



ချစ်ရ လွမ်းမိ



တမ်းတကြည့်ပြီး



ညည်းမိရင်မှာ



သူမရှိတဲ့ နေ့ရက်တွေဟာ



ခြောက်သွေ့ရင်ထဲ



ပျော်စရာမဲ့ခဲ့



အကြင်နာပေးရန်



ပြန်လာပါကွယ်



ချစ်သောသူရယ်.................



ကိုသူ

အပျင်းမလေး.....


နံနက်အိပ်ရာထ



လှပကြည်လင်



သူ့ရုပ်သွင်ကို



ပြင်ဆင်ရမှာ ပျင်းလေသူ....



ဆာလောင်လာခိုက်



အစားကောင်းကြိုက်လဲ



သူပဲ မလှုပ်



ချက်ပြုတ်ရမှာ ပျင်းလေသူ....



ဖျားနာလို့လှဲ



အိပ်ရာမှာပဲ



သူလဲ လဲဘဲ



ဆေးယူရမှာ ပျင်းတယ်လေသူ



ပြောပြကူညီ တောင်းရမည်ကို



ပျင်းပါသည် ဟူ....



ပျင်းသည့်အခါ တနေကုန်အောင်



အိပ်နေပ်ါမည်



အိပ်ရာ ကျောနဲ့



မခွဲခဲ့ တတပ်ဘဲ.....



သူအလိုလိုက် သူ့အကြိုက် မလုပ်က



စိတ်ကောက်ကာပြ ငိုယိုပြမည်



ရေငုံ နှုတ်ပိတ် ဆိတ်ဆိတ်နေပြီ...



ဖြစ်ချင်သည်ကို ရှင်းပြ



ပြောရ ပြန်ဖြေဖို့ အရေး



တွေးပြီးပျင်းသည်



မေးမည့်သူသာ အမောဆို့စေ......



ပျင်းသည် ပျင်းပြီ



ပျင်းခဲ့သည်ပဲ



ပျင်းရမှာကို ပြောရမှာပင်



ပျင်းကို ပျင်းသည်



အပျင်းမဟု အမည် တွင်လဲ



ဂရုမစိုက်ပါ



ကြိုက်သူမရှိလဲ



ပျင်းနေမှာဘဲ ဟဲ ဟဲ ဟဲ.....





ကိုသူ (အပျင်းမလေးတစ်ယောက်သို့.....)

သားမိုက်ကတိ




ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်



အမှတ်တွေထောင်တက်



သားစက်မှုရောက်ခဲ့...



ဝင်ငွေလေး ခြောက်ချက်



ကုပ်ကပ်ပြီးငွေပို့



အမေမို့ အားမပျက်



သားကျောင်းဆက်တက်တဲ့....



ခက်လှစွာ သားမိုက်



ကိုယ့် ဘ၀ ကိုယ် မသိ



မရှိတာထက် အသိခေါက်ခက်



အ၀င်နက်တဲ့သား



တားမနိုင် ဆီးမရ



မိုက်မဲပြလေပြီ....



အဆောင်ရှေ့ မူးယစ်



ဆူညံအော်ဟစ် သန်းခေါင်ထိ



ဂစ်တာနဲ့ ကျွန်တော်မခွဲ



စွဲလမ်းမှုတွေတိုး



ဆိုးချင်တိုင်း ဆိုးနေခဲ့.....



အတန်းတွေ မှန်မှန် မတက်



တက်(စ) ရန်မကြောက်



စာမေးပွဲ မှာ နောက်ကောက်က



တောက်လျှောက်ကျရပေါ့...



မဆူ မရိုက် မငေါက် မငမ်း



သောကတွေ ချောင်ထိုး



သားမျက်နှာ မညှိုးစေဖို့



နောက်နှစ် မဆိုးနဲ့ပေါ့ သားရယ်တဲ့...



လေသံတိုးပေမယ့်



ရိုက်ခတ်ခဲ့ ရင်ထဲ



မြည်ဟည်းဆဲ အမေ့ အသံ



ကတိတွေ အတန်တန်နဲ့



သားပြန်လိမ်မာပါ့မယ် အမေ........



ကိုသူ(ခွင့်လွှတ်တတ်သော အမေအားလုံးသို့.....)

သူသိစေ..............


မနက်နေပွင့်



မျက်လုံးဖွင့်ခိုက်



သတိရလိုက်ပြန်ဘီ



ကြည်လင်တဲ့ သူ့မျက်နှာ.....



ပြတင်းပေါက်ကိုဖွင့်



စိတ်ရွက်လွှင်.ခိုက်



တမ်းတလိုက်ပြန်ဘီ



ချိုကြည်တဲ့ သူ့အသံများအား...



ငှက်ကလေးတွေတေးသီ



ချစ်ရည်လူးခိုက်



လွမ်းဆွတ်လိုက်ပြန်ပြီ



ချစ်သူတည်ရာသို့........



တွေးကာငေးရင်း



ဆွေးကာလွမ်းခဲ့



ဂစ်တာနဲ့ အဖော်ပြုခိုက်



မသိမသာ ညည်းမိတဲ့ တေးသွားတွေဟာ



သူ့ကိုရည်စူးခြင်းများပါလား....



တနေ့ကုန်လှုပ်ရှား ပြီးဆုံးသွားလို့



လဲလိုက်ထလိုက် မောပန်းခိုက်မှာ



တွေးမိလိုက်ပါသည်



သူသာ အနားမှာ ရှိရင်လေ.....



နိုးတ၀က်အိပ်တ၀က်



အိပ်မက်များမှာ



စိုးမိုးလွန်းပြီ အိပ်မက်ရှင်



သူသာလျှင် ဖြစ်နေပါလား.....



ပေါက်ကွဲ ရှတ



ထိရှတဲ့ ကိုယ့်ကဗျာ



ကာရန်အာလုံးမွေးဖွားရာ သခင်



ချစ်ခြင်းအားလုံး ပိုင်ရှင်ဟာ



သူမှသူသာပါပဲကွာ.........



ကိုသူ(အိပ်မက်ထဲက ချစ်သူသို့)

ဆောင်း..နှင်း...ဒီဇင်ဘာ...


ဆောင်း....



အေးချမ်းမှုတွေရဲ့ ပြယုဒ်



သုံးဥတုရဲ့ နှုတ်ဆက်ချိန်



ရာသီတစ်ခု ပြောင်းလဲခြင်း



ရင်တွင်းမှာ ဘာလို့ပူနေလည်း အဖြေရှာမတွေ့တာဆိုးနေ.....



နှင်း....



ဆောင်းရဲ့ သင်္ကေတ



မှုန်ပြပြလှနေချိန်



ေ၀၀ါးတဲ့ ရှုခင်း



အေးမြခြင်း ဘာလို့ဝေးနေလည်း ကိုယ့်နှလုံးသားရယ်...



ဒီဇင်ဘာ....



နှစ်တစ်ခုရဲ့ အဆုံး



နှစ်တစ်ခုအတွက် အစ



ခရစ်မတ်အလှတွေဟာ



ပြန်မလာနိုင်သူအတွက်တော့ ပျော်ရွှင်မှု ဆိတ်သုံးနေပါလားကွယ်....



ကိုသူ

ငှက်ကလေး၏အဘိဓာန်



ှအိုဘယ့် အသင်



အသင်ငှက်ကလေး



သင်ပျံသန်းရာ



ကောင်းကင်ပြာကား



ဆုံးမှာမရှိ



ကျယ်ပြောဘိလျက်



ပျံတက်အလျင်း



ခရီးပြင်းနှင်



အတင်းဘာကြောင့် ချီတက်နေသနည်း...



အိုဘယ့် အသင်



အသင်ငှက်ကလေး



ဖော်လည်းမပါ



တစ်ကိုယ်သာတည်း



ညည်းငြူမရှိ



မပျင်းရိပါ



ဧကစာသာ ဘာကြောင့်ပျံသန်းနေသနည်း....



အိုဘယ့်အသင်



အသင်ငှက်ကလေး



ဘေးရန်မမှု



ဖော်မပြုဘဲ



မုန်တိုင်းလဲနှင်



လေပြင်းဝင်သော်



သင်ဘယ်မှာနား



အားကိုးရှာမည်



သင်သည် အာဂသတ္တိရှင်ပါတကား...



အိုဘယ့်လူသား



အသင်လူသား



သင်မကြားဘူးသလော



ရှေးလူတွေပြောချက်



ငှက်သည် ပျံရင်းသေ၏



လူသည် ကြံရင်းသေ၏



ဆိုရိုးရှိဘိ



ငါ၏ ခရီးပြင်း



မရောက်မချင်းသာ



အတင်းငါဟာ ချီတက်ပါမည်



ဘေးရန်ဘာကို မှုမနေပါ



ကြောက်မွေးငါမှာ မပါပါပြီ



ဂဏာဟိ အသင်လူသား မှတ်ထားပါလော..



သင်ကားလူသား



သင်စွမ်းပကားကို



ဘယ်လို အခက်အခဲ



ကျော်ဖြတ်ရဲက



မုချသင်သည်



သင်ရည်မှန်းရာ



သင်လိုရာကို



ရကိုရမည်



ဇွဲ ၀ီရိယသာ အရင်းတည်လော



ရှေ့ဆက်ကာသာ ချီတက်ပါလော



အန္တရာယ်မှန်သမျှ ဖြိုခွင်းပါလော



အခက်အခဲဟူသမျှ ကျော်ဖြတ်ပါလော



စိတ်ဓာတ်ကိုသာ ပဓာနတည်လော.....



ကိုသူ

ညီမလေးသို့.....


ညီမလေးရေ...



ဘ၀ဆိုတာ တိုက်ပွဲတဲ့



ကြုံလာတဲ့ အခက်အခဲ



ငိုနေလို့လဲ မပီးဘူးလေ....



စိတ်ဓာတ်ကို တင်းလျက်ထား



ယုံကြည်ချက်ကို မွေး



ဇွဲသတ္တိသွေးထားလေ...



ဖြစ်ချင်ရာ မဖြစ်နိုင်လဲ



ဖြစ်နိုင်တာတွေလုပ်နေပေါ့



လုပ်သမျှကို အကျိုး ရှိပါစေ...



အကောင်းဆုံး ကြိုးစားလုပ်



စေတနာကို ရှေ့မှာထား



ဖြူစင်စိတ်ပွားများပြီး



သည်းခံစိတ်လဲ မွေးဦးနော်...



လောကဓံ ဒီတရားတွေ



ဘယ်မှနေနေ တွေ့မှာမို့



အရိပ်အလာကို နေပူက



စောင့်နိုင်သမျှ စောင့်ရမယ်လေ..



ကဲ ညီမလေးရေ....



ရှေ့ဆက်မလား



နောက်ဆုတ်မလား



ရှုံးသွားတိုင်းလှည့်ပြန်မလား



မနိုင်တိုင်းရောလက်လျှော့မလား



စဉ်းစားပြိး ကြည့်ပေတော့



အဓိကက စိတ်ဓာတ်ဆိုတာ



မင်းရင်မှာ ရှင်းနေမှာပါ....



ဝီရိယ ရှေ့ဆောင်



အောင်ပန်းကို ဆက်လှမ်းနိုင်ဖို့



အားကိုးစို့ ကိုယ့်ကိုယ်သာ



ဟိုရှေ့မှာ မျှော်လင့်ခြင်း



ရောင်ခြည်တွေ လင်းနေပြီပ....



ကိုသူ

အိမ်ကလေးမှာ....


အိမ်ကလေးမှာ...



ကားမရှိ လေအေးစက်မရှိပါ



ရေကူးကန်လဲ မရှိပါဘူး



တီဗွီ ရေခဲသေတ္တာလဲ မရှိပြန်ဘူး



ပန်းခြံလဲ လုပ်မထားဘူးလေ



ကစားကွင်းလဲ မထားထားဘူး.....



အိမ်ကလေးမှာ...



အေးချမ်းမှု ပျော်ရွှင်မှုများရှိတယ်



နွေးထွေးမှု နှစ်သိမ့်မှုလဲ ပေးနိုင်တယ်



လန်းဆန်းမှု တက်ကြွမှုတွေ မွေးဖွားပေးပါတယ်



မေတ္တာ အကြင်နာကတော့ အပြည့်ပါဘဲ



အချစ် စာနာတတ်မှုက လိုသလောက်ရမယ်...



ကဲ ကောင်မလေးရေ...



အိမ်လေးကို ၀င်သင့် မ၀င်သင့်



စဉ်းစားထားပါ



လာချင်ရင်တော့ အမြဲကြိုဆိုပါတယ်



မင်းအတွက် တံခါးဖွင့်ထားတယ်နော်



မျှော်နေမယ်နော် ကောင်မလေးရေ.......





ကိုသူ

တစ်သက်တာအချစ်....


တစ်နေ့တစ်ရက်





အမေ့ခက်နေ



ဖျောက်ဖျက်မရပါ



ဝေဒနာ....



တစ်ပတ် တစ်ပတ်



ဖြတ်မရရင်မှာ



တိုးတိုးလာတာ



အကြင်နာ....



တစ်လ တစ်လ



ဝေးနေကြလည်း



ပျောက်ပျက်မသွားပါ



သစ္စာ…



တစ်နှစ် တစ်နှစ်



ချစ်လို့မ၀ပါ



ရင်ထဲအသည်းမှာ



မေတ္တာ…





ကိုသူ

စိမ်း


စိမ်း...

စိမ်းပါလေ မင်းစိတ်ကြိုက်

မိုက်မဲသူကိုယ်သာ ဆွေး...

တိမ်း...

တိမ်းပါလေ မင်းသဘောကျ

ချစ်ရသူကိုယ်သာလွမ်း...

ဝေး...

ပြေးပါလေ မင်းသဘော

မျှော်မောသူကိုယ်သာတမ်းတ...

ထား...

ထားခဲ့လေ မင်းမုန်းရင်

ကြင်မိသူကိုယ်သာ အတီးကျန်...

ရှောင်ခွာတိမ်း စိမ်းလိုက်လေ

ဝေးပြေးကာ ထားခဲ့ပေါ့

လွမ်းဆွေးချစ်ကြင်ဆဲ

မိုက်မဲစွာ ရင်ထဲမှာ

တမ်းတကာ နေဦးမှာပဲ

မုန်းဝင်္ကပါ ဒီသံသရာထဲ....

ကိုယ့်အချစ်မှာ..


ကိုယ့်အချစ်မှာ..

ဘာမှမရှိပါ..

မင်းဆီက ဘာကိုမှမလိုချင်ပါ..

မင်းအချစ်ကလွဲရင်ပေါ့လေ..

ကိုယ့်အချစ်မှာ..

ဘာမှာမပါပါ..

မင်းကိုချစ်နေတာကလွဲရင်ပေါ့လေ..

ကိုယ့်အချစ်မှာ..

ဘာရောင်မှမရှိပါ..

အဖြူထည်အချစ်ကလွဲရင်ပေါ့လေ..

ကိုယ့်အချစ်မှာ..

ဘာသံစဉ်မှာမရှိပါ..

မင်းကိုချစ်တဲ့ တေးသွားတွေကလွဲရင်ပေါ့လေ...

ကိုယ့်အချစ်မှာ...

ဘာကာရန်မှာမရှိပါ..

မင်းကိုချစ်တဲ့ ကဗျာတွေကလွဲရင်ပေါ့လေ..

ဒါကြောင့် ကိုယ်အချစ်မှာ..

ရှိနေတာက မင်းတစ်ယောက်နဲ့ သက်ဆိုင်တာတွေက

လွဲရင် ဘာဆိုဘာမှမရှိဘူး ချစ်သူရယ်..

အကြွင်းမဲ့ ယုကြည်လိုက်နိုင်ပါတယ်..

လုံးဝကို ရဲရဲကြီးအာမခံတယ် တစ်သက်လုံးပါပဲကွယ်..



ကိုသူ

စူး


အေးအေးလေးနဲ့ မင်းရဲ့ပုံစံ

ယဉ်ယဉ်လေးနဲ့ မင်းရဲ့အလှ

ချိုချိုလေးနဲ့ မင်းရဲ့အသံ

ရှင်းရှင်းလေးနဲ့ မင်းရဲ့အပြော

နွေးနွေးလေးနဲ့ မင်းရဲ့အပြုံး

ရိုးရိုးလေးနဲ့ မင်းရဲ့ အချစ်

ခဏလေးဖြစ်ဖြစ်

အင်း….ဖြစ်နိုင်ရင်တော့ တစ်သက်လုံးပေါ့

အားလုံးကို ပိုင်ဆိုင်လိုက်ချင်ပြီ

ရည်ရွယ်တဲ့သူ မြတ်နိုးသူရယ်

စူးစူးနစ်နစ်ချစ်မိနေတယ်

ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာကွယ်..

ကိုသူ

အယူခံ အချစ်


မနီးစပ်တဲ့ ဘ၀နှစ်ခုကြား



မမြင်နိုင်တဲ့ သံယောဇဉ်ဝင်လာတော့...



တစ်ယောက်က ပန်းခင်းလမ်းလျှောက်နေသူ



လက်တွဲဖော်ရှိပြီးသား...



တစ်ယောက်က ကိုယ်လမ်းကိုယ် ရှာဖွေနေရသူ



အထီးကျန်တစ်ယောက်တည်း...



ကံကြမ္မာမျက်နှာသာပေးမှု



သုတို့နှစ်ယောက်တွေ့ကြ



ခင်မင်ကြ ရင်းနှီးကြ



ရင်ထဲက စကားတွေ မပွင့်တပွင့်ဆိုမိကြ



အဲဒီလိုနဲ့....



သွက်သွက်လက်လက် ကောင်မလေးနဲ့



ရိုးရိုးအေးအေး လူငယ်လေးတို့



ဘာဘာညာညာမဟုတ်ပဲ ဆက်နွှယ်နေရော....



ဝါသနာချင်းတူပေမယ့်



ကျင်လည်တဲ့ ဘ၀ကခြား



စည်းဘောင်ထဲကမှ နေခဲ့ရ....



သံယောဇဉ် လွှမ်းမိုးမှုကြား



အချစ်ဆိုတာ မြိုသိပ်ထား....



နီးရက်နဲ့ဝေး



ဝေးမှ ပိုနီးချင်နေ



မဆုံနိုင်တဲ့ မျဉ်းပြိင်နှစ်ခု...



ကောင်မလေးရေ...



ဆုံစည်းမှုဆိုတာ ရှိသေးရင်



မင်းနဲ့ကိုယ် အိပ်မက်ကမ္ဘာလေးထဲမှာ



ယာယီသဲအိမ်လေးဆောက်ပြီး



နှစ်ယောက်အတူ နေလိုက်ချင်ရဲ့....



ဘ၀အတွက်ရုန်းကန်နေရသူ



စိတ်ကူးယဉ် ဘ၀လေးထဲမှာပဲ



ကျေနပ်နှစ်သိမ့်နေရရှာ....



ကိုယ်ရဲ့အချစ် ကိုယ့်မေတ္တာ



မင်းသိရင် အံသြသွားမယ်....



လွမ်းတယ်ကောင်မလေးရေ



မသေချာတဲ့ လမ်းလျှောက်နေရသူမု့်



မဖြေသာ ဆွေးမြေ့မှုတွေကြောင့်



တစ်ခါတစ်ခါ ရူးတောင်ရူးချင်ပါရဲ့....



အစကတည်းက မဆုံနိုင်တဲ့ ဇာတ်လမ်း



မျှောမှန်းမရတဲ့ မင်းအချစ်



သံယောဇဉ်ကမ္ဘာလေးထဲမှာပဲ



အကြင်နာစကားလေးတွေ မသိမသာပြော



မင်းအတွက် အရာရာပေးစပ်ချင်တာ



မှားတယ်လို့ မထင်ပါဘူး...



မင်းသာပါမယ်ဆိုရင်



ဘ၀ဆိုတဲ့ ပင်လယ်ကြီးဟာ အိုင်သေးသေးလေးဖြစ်



အခက်အခဲဆိုတာ သိမ်ငယ်သွား...



ကိုယ်မင်းကို ဆယ်သက်ဆယ်ကမ္ဘာမဟုတ်တောင်



တစ်သက်စာ လက်တွဲခွင့်



မ၀ံမရဲ မျှော်လင့်နေမိ....



မပြည့်မစုံမှုတွေ ပြည်စုံနေတဲ့ဘ၀မို့



ခေါ်ချင်ပေမယ့် အခေါ်ခက်နေ....



မင်းကိုချစ်တာ ရူးသွတ်မှုဆိုရင်



ကျေကျေနပ်နပ်ကြီးကို ခံယူပါတယ်...



ကိုယ်မှန်းထားတဲ့ မျှောလင့်ချက်



ကိုယ်ရပ်နေတဲ့ ရပ်တည်မှုတွေ



နားလည်ပေးသူတစ်ယောက် မင်းဖြစ်ချင်တယ်ဆိုရင်ပေါ့...



အင်း....သာယာတဲ့ လောကကြီးတောင်



ကိုယ့်အပ်မက်အာဝါသအောက်မှာ



အမှုန်သာသာသေးသေးလေးဖြစ်သွား...



မရယ်နဲ့ကောင်မလေးရေ



အချစ်ဟာအချစ်ပဲလေ



ဖော်ပြခွင့် မရပေမယ့်



ဘောင်ထဲစည်းထဲကို ကျော်ဖြတ်



အသည်းနှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ



သေသေချာချာ နေရာယူနိုင်တယ်လေ...



ကဲ...ကောင်မလေးရေ



မင်းဘ၀လေးထဲမှာ....



မင်းအိပ်မက်လေးထဲမှာ...



စက္ကန့်ပိုင်းလေးဖြစ်ဖြစ်



ကိုယ်ရဲ့အချစ်ကို တည့်ကြည့်ဖို့



ဦးနှောက်နဲ့ မကြည့်



နှလုံးသားချင်း ညှိစမ်းပါလားကွယ်.....



ကိုသူ(30.8.2k)

ချစ်သူများနေ့မှာပြောင်းလဲတော့မယ့် ကောင်လေးတစ်ယောက်၏ရင်ခုန်သံ


ချစ်သူများနေ့တဲ့.....

နိုင်ငံတကာ ချစ်သူတွေ

ချစ်သက်သေပြကြတဲ့နေ့...

အရင်က မဆိုင်တဲ့ ကိုယ်

ဒီနေ့မှာ ဆိုင်နိုင်မလားလေ...

ညီမလေးရဲ့ တုန့်ပြန်မှုက

ကိုယ်ရဲ့ အနာဂတ်မျှော်လင့်ခြင်း....

ကိုယ်တို့ online မှာတွေ့

နေ့နေ့ ညည

ရှည်လျားတဲ့mail တွေပို့ခဲ့ကြ

သံယောဇဉ်ချည်နှောင်မှုတွေ များခဲ့တာ

အင်းတော်တော်တောင်ကြာပီဘဲလေ...

ကိုယ်စိတ်ကို ထိန်းချုပ်နိုင်စွမ်းအားပြည့်ရှိတာ

ညီမလေးတစ်ယောက်သာ ရှိနေတာပါ...

အချိန်တိုင်း

နာရီတိုင်း

မိနစ်တိုင်း

စက္ကန့်တိုင်း

chatting မှာ တွေ့နေချင်တာ ကိုယ်မှားလားကွယ်…..

ဘာပဲဖြစ်ဖြစ်

valentines day မှာ အဖြေပေးမယ်ဆိုတဲ့

ညီမလေးရဲ့ ဆုံးဖြတ်ချက်ဟာ

ကိုယ်အနာဂတ်နေ့တွေ လှပစေအောင်

သာယာလာအောင်

ပြီးတော့ ကိုယ်ဘ၀တစ်ခုလုံ့း ပြောင်းလဲစေပါ

လာမည့် အနာဂတ်နေ့တွေမှာ မင်းကို စောင့်ရှောက်ခွင့်ပေးပါ

နှလုံးသားချင်းနီးခွင့် ပေးပါ

ပျော်စရာနေ့တွေကို ဆောင်ကျဉ်းပေးပါ

မနက်ဖြန်တွေကို ပိုင်စိုးတော့မယ့် ဧကရီ သခင်မ

ချစ်သည်းရှင်မလေးရေ……





ကိုသူ(ချစ်သူများအားလုံး ပျော်ရွှင်ကြပါစေ)



၁၄ ဖေဖော်ဝါရီ ၂၀၀၇



ချစ်သုများနေ့ အမှတ်တရ

အချစ်=အချစ်


အချစ်တဲ့..........



ပေးဆပ်ခြင်းနဲ့ ရယူခြင်း



နွေးထွေးခြင်းနဲ့ အေးမြခြင်း



ပူလောင်ခြင်းနဲ့ ငြိမ်းချမ်းခြင်း



နားလည်ပေးခြင်းနဲ့ ၀န်တိုခြင်း



စွတ်လွှတ်အနစ်နာခံခြင်းနဲ့ အနိုင်ယူလိုခြင်း



လွတ်လပ်ခြင်းနဲ့ ချုပ်ချယ်ခြင်း



အားနာသိတတ်မှုနဲ့ အတ္တဆန်ခြင်း



ဖြူစင်ရိုးသားခြင်းနဲ့ မာယာများခြင်း



ပျော်ရွှင်ခြင်းနဲ့ စိတ်ညစ်ညူးခြင်း



တမ်းတလွမ်းဆွတ်ခြင်းနဲ့ ဥပက္ခာပြုခြင်း



ဝေခြင်းနဲ့ နီးခြင်း



စိတ်တူခြင်းနဲ့ မတူခြင်း



ဆုံစည်းခြင်းနဲ့ ခွဲခွာခြင်း



အရှုံးအနိုင် ရှိခြင်း မရှိခြင်း



အင်း.....အချစ်မှာ အားလုံး



ဖြစ်နိုင်တယ်



ရှိနိုင်တယ်



တွေ့နေမှာပါဘဲ.....



တကယ်ကတော့ အချစ်ဆိုတာ အချစ်ပါ



သတ်မှတ်ချက်မရှိ



ကန့်သတ်ချက်မရှိ



စည်းကမ်း ကာလနားမရှိ



တားမြစ်ပိုင်ခွင့်မရှိ



အားလုံးဖြစ်ခွင့် ရှိနေတာ အချစ်ပါ



ဘ၀မှာ အချစ်ရှိနေနိုင်တယ်



ဒါပေမယ့် အချစ်ဟာ ဘ၀တော့ မဟုတ်တာ အသေအချာပါဘဲလေ.......





ကိုသူ

Tuesday, October 23, 2007

တားဆီးလို့မရနိုင်သောအရာ(သို့)အချစ်


မြင်နေမှတွေ့မယ်ထင်လား

အတွေးများမှာ မင်းကိုတွေ့နေတာ အမြဲလေ....

ပြောနေမှ ကြားမယ်ထင်လား

စိတ်ကူးများမှာ မင်းအသံတွေ ကြားယောင်နေ...

ဆုံစည်းမှ အချစ်ထင်လား

နှလုံးသားမှာ ရှိနေသမျှ မင်းကိုချစ်တာ ခိုင်ြမဲစေ...

အင်း....အချစ်ကို တားဆီးလို့

ပိတ်ပင်ဖို့ ကြိုးစားမှုတွေ

ရပ်တန်းကရပ်ပါပေတော့

ရှေ့ဆက်ကာ ချစ်နေသည်

ကမ္ဘာတည်သရွေ့ ရှိနေစေ

ရှင်သန်မည့် ဒီအချစ်တွေ...

ကိုသူ

Saturday, October 20, 2007

IT ရည်းစားစာ


သို့ ချစ်ရပါသော ကောင်မလေး..

ဒီစာကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ...Connection က ခဏခဏ Down...မီးကလည်းပျက်တစ်လှည့် မလာတစ်လှည့်မို့ ခုမှရေးနိုင်ပို့နိုင်....ဒါတောင် ရေးရင်းတန်းလန်း ဘုရားတနေရတယ်..ဒါကြောင့် ကို ရည်းစားစာရေးရင်း ကုသိုလ်တော်တော်ရလိုက်တယ်...သာဓုခေါ်ပေတော့..ဟီး..
ကိုယ် မင်းကို စတွေ့တွေ့ ချင်း ကိုယ့်ရဲ့ နှလုံးသားထဲကို Virus ရုတ်တရက်ဝင်သလို..နေမထိတိုင်မသာ ဖြစ်ခဲ့ရတယ်…

ကိုယ်ရင်ထဲကှိုSpy Virus လို..Trojanုလို တိတ်တဆိတ်ဝင်လာတဲ့ အချစ်တွေက ကိုယ်ရဲ့ Firewall ကို Hack လုပ်ပြီးဝင်လာတော့ ကိုယ်မတားဆီးနိုင်တော့ဘူး…

ကိုယ့်ရဲ့ အချစ်ကို အဖိုးမတန်ဘူးဆိုပြီး delete လုပ်ပြီး…Recycle Bin ကို မပို့ပါနဲ့….

(Shift Delete မလုပ်တာကံကောင်းလိုလည်းမပြောပါနဲ့)

ကိုယ်ရဲ့စာကိုလည်း Spam mail ထဲ မှာလည်း မadd လိုက်ပါနဲ့..Trash ထဲကိုလည်း တန်းပြီး Forward လုပ်မထားပါနဲ့…..

နောက်တစ်ကြိမ် ပို့လို့ မရအောင်လို့ ရည်ရွယ်ပြီးတော့လည်း Block လုပ်မထားပါနဲ့….

ကိုယ့်မှာ ဒီစာကို ပို့ ဖို့ရာ မလွယ်ဘူး…Connection ကောင်းစောင့်ရတယ်…Web mail နဲ့ ဆိုတော့ page က တက်မလာလို့ …Refresh လုပ်ရတာ အကြိမ်ကြိမ်….၀ှီး…ခြေကျင်တာ ပြေးပြောချင်တော့တယ်….

ဒါကြောင့် ကိုယ့်ရဲ့ အချစ်ကို အသိမှတ်ပြုသောအားဖြင့် ကိုယ်အချစ်ကိုReject မလုပ် Accept လုပ်ဖို့ Request လုပ်ပါရစေ…ကိုယ့်နှလုံးသားပိုင်စိုးသော ကောင်မလေးရေ…..


ကောင်လေး
(ကိုသူ)

ကိုကိုနှင့်ညီမလေး


ကိုကိုကား ချက်တာစစ်စစ်ဖြစ်လေ၏။
ချက်စရာမရှိလျင် ရှိတာချက်၏။
ထမင်းဟင်းမဟုတ်ပါ...
chatting ကိုပြောပါ၏
မည်မျှချက်သနည်းဆို ချက်စရာမရှိလျင် ကိုယ်ဟာကိုယ် Nick nameနှစ်ခုခွဲကာ ကိုယ်ကိုယ်ကိုယ် ပြန်ချက်၏။
တစ်ခုကကောင်မလေး Nick တစ်ခုက ကောင်လေးNick
ကောင်လေး။ ။ဟယ်လို ကောင်မလေးလား
ကောင်မလေး။ ။ဟယ်လိုကောင်လေးလား
ကောင်လေး။ ။နာမည်။နေရပ်လိပ်စာ။ဖုံးနံပါတ် အားလုံးသိချင်တယ်
ကောင်မလေး။ ။ဟမ် လွန်လှချည်လား...ဖြေးဖြေးပေါ့..နောက်ကျပြောမှပံဟာကို....ဇွတ်....
ကောင်လေး။ ။ဟုတ်တယ်လေ...နောက်ပြောမယ်အတူတူ...ခုပြောပါဟ...အင်တာနက်ခေတ်...ရှက်မနေပါနဲ့
ကောင်မလေး။ ။ဒါဆိုလည်း....ပြီးရော...ပြီးရော...ညီမလေး....ကြုံရာဆုံရာလမ်း...ဂျလေဘီရပ်ကွက်..
တွေ့ကရာမြို့...ဖုံး ၀၉၅၀၀၀၀၀၀...ကျေနပ်ပြိလား...သူကရော...
ကောင်လေး။ ။ကိုယ်က...ကိုကို...ရောက်ရာပေါက်ရာလမ်း..တေလေရပ်ကွက်..ခါလီမြို့...ဖုံး..၀၉၁၁၁၁၁၁
ဖုံးဆက်မ်ာနော်...လာလည်မယ်နော်...ရတယ်ဟုတ်...
ကောင်မလေး။ ။ဖုံး က တစ်ခါတစ်လေ ဆက်သွယ်ရေးပြင်ပနော်..အမြဲတမ်းတော့ ပိတ်ထားတယ်...ဆက်..ဆက်..
ဟီး...လာလည်ရင်လည်း တစ်ခါတစ်လေ အိမ်မှာမရှိ .....ကဖေးဆိုင်မှာ ညအိပ်ချက်မရလို့တာ....ဆိုင်ပိတ်ချိန်မှန်းလာ၇င်တော့.....အိပ်နေတာလေ...နောက်နေ့ချက်ဖို့...အားမွေးတာပေါ့...ဟီး...
ကောင်လေးပြန်ပြောမယ်လုပ်စဉ် connection down သွား၏...ခဏနေတော့...မီးပါပြတ်သွား၏.....
ဤတွင်ကိုကို ကိုဘာသာ ချက်ရင်းနဲ့..မောပန်းစွာ...စိတ်လျှော့ကာ..အိပ်လိုက်ရတော့လေ၏.....

အယူခံအချစ်-၂


သတိရတယ် ကလေးရေ



ဘယ်လိုနေရမလဲ



ရူးသွားမလောက် ခံစားမှုတွေပြင်းထန်လွန်းတော့



တွေးရင်း ငိုချင်မိ



မင်းမသိနိုင်တော့



ရင်မချိအောင်ကြေကွဲရ



ချစ်မိသမျှ ဝေဒနာကဖိစီး



နီးစပ်ခွင့်မရှိကြတော့ဘူးလား....



အတားအဆီးတွေကများ



ကျော်ဖြတ်ဖို့ ခွန်အားကနည်း



အသည်းထဲမှာ စူးနစ်မလောက်စွဲငြိနေတော့



မသေချာတဲ့ မျက်လှည့်လောကကြီးနဲ့



လှောင်ရယ်တတ်တဲ့ ကြမ္မာကို ရိုးမယ်ဖွဲ့



အရာရာဟာ အဓိပ္ပာယ်မဲ့



ငဲ့ကွက်မိတဲ့ အပြစ်ဒဏ်



အသည်းကွဲ မျက်ရည်ကျ



မျှော်မှန်းချက် ကမ္ဘာကြီးပျက်သုန်း



အကြင်နာဒဏ်ရာတွေ မဆုံးနိုင်တော့



စိတ်ကူးယဉ် အိပ်မက်မက်



အလွမ်းနေ့ညတွေ ဖြတ်သန်း



ကြင်နာသူမရှိတဲ့ ကာရန်မဲ့ဘဝ



အနှစ်မရှိတဲ့နေရာ



ချစ်မိသူကို သနားငဲ့ညှာစေဖို့



သေရာပါ အမာရွတ်ကို



အကြင်နာဆေး ပေးစေချင်တယ်ကွယ်....



ကိုသူ(3.9.2k,SUN)