Wednesday, October 29, 2008

ပန်းချယ်ရီလို ချစ်သူ

ရှမ်းရိုးမတောင်တန်းတစ်နေရာက
နုပျိုအလှ ချယ်ရီမေ
ဝေဒနာတွေ ရင်မှာတိုး
အချစ်မိုးတွေ စွေမိ
သိတဲ့အချိန်က နောက်ကျ
ပြင်မရပြီ ဒီသံယောဇဉ်ကြိုး
စိုးမိုးပြီ အသည်းနစ်ထိ
စွဲငြိနေ နှလုံးသားအိမ်
အကြိမ်ကြိမ် ဒီရေအလွမ်းကဆိုး
ကျိုးပေါက်ပြီ နှလုံးသားသော့တံခါး
ခြားနားနေ ကမ္ဘာတစ်ခုစာ
လာချင်ရက်နဲ့ မလာဝံ့သူ
ခေါ်ချင်ရက်နဲ့ မခေါ်ခဲ့သူ
တွေ့ချင်ရက်နဲ့ မတွေ့ခဲ့သူ
မြင်ချင်ရက်နဲ့ မမြင်တတ်သူ
ကြားချင်ရက်နဲ့ မကြားတော့သူ
ဆုံချင်ရက်နဲ့ မဆုံရသူ
တောင်ပေါ်သူ ကိုယ့်အချစ်ပွင့်လန်း
ချယ်ရီပန်းလို မောင့်ချစ်သူ


ကိုသူ(၂၇.၁၀.၀၈)

ပန်းချယ်ရီလို ချစ်သူ

ရှမ်းရိုးမတောင်တန်းတစ်နေရာက
နုပျိုအလှ ချယ်ရီမေ
ဝေဒနာတွေ ရင်မှာတိုး
အချစ်မိုးတွေ စွေမိ
သိတဲ့အချိန်က နောက်ကျ
ပြင်မရပြီ ဒီသံယောဇဉ်ကြိုး
စိုးမိုးပြီ အသည်းနစ်ထိ
စွဲငြိနေ နှလုံးသားအိမ်
အကြိမ်ကြိမ် ဒီရေအလွမ်းကဆိုး
ကျိုးပေါက်ပြီ နှလုံးသားသော့တံခါး
ခြားနားနေ ကမ္ဘာတစ်ခုစာ
လာချင်ရက်နဲ့ မလာဝံ့သူ
ခေါ်ချင်ရက်နဲ့ မခေါ်ခဲ့သူ
တွေ့ချင်ရက်နဲ့ မတွေ့ခဲ့သူ
မြင်ချင်ရက်နဲ့ မမြင်တတ်သူ
ကြားချင်ရက်နဲ့ မကြားတော့သူ
ဆုံချင်ရက်နဲ့ မဆုံရသူ
တောင်ပေါ်သူ ကိုယ့်အချစ်ပွင့်လန်း
ချယ်ရီပန်းလို မောင့်ချစ်သူ


ကိုသူ(၂၇.၁၀.၀၈)

ဖြူစင်သော မေတ္တာနှင့်ယှဉ်သောအချစ်

"မျိုးကြီးနဲ့ဒိုးကြီး မင်းတို့ချစ်ခြင်းမေတ္တာကို ဘယ်လိုမြင်လည်းကွာ.."
''အဲ...ခိုင်ကြီး နုလှပါလားကွ မင်းစကားလုံးတွေက.."
"အေးလေ..... ဘာတွေ ဓာတ်ပေါက်လည်း ခိုင်ကြီးရ...."
''ဘာရယ် မဟုတ်ပါဘူးကွာ ကောင်မလေး တစ်ယောက်ကို ငါ့ မေတ္တာရှိ မိနေလို့...."
"အာ... ချစ်ရင် ချစ်တယ်ပေါ့ကွာ မင်းဟာကလည်း...."
"အေးလေ... ခိုက်ရင်ခိုက်တယ် လုပ်စမ်းပါ......"
"ဒီလိုကွာ... မင်းတို့ပြောသလို ချစ်တော့ချစ်ပါတယ်.... ဒါပေမယ့် ငါသူ့ကို ပိုင်ဆိုင်လိုစိတ် ရယူလိုစိတ်နဲ့ မချစ်မိဘူးကွာ...သူ့ကို အရိပ်တ ကြည့်ကြည့် နေချင်တယ်.... သူ့ကို ဖေးမချင်တယ်... အေးမြစေချင်တယ်... ငြိမ်းချမ်း စေချင်တယ်... သူစိတ် ညစ်ညူးမှာကို မလိုလားဘူး...."

သူပျော်နေတာ အမြဲမြင် နေချင်တယ် သူဒုက္ခရောက် နေချိန်မှာ သူ့အနားမှာ အရာရာ ကူညီချင်တယ်.. သူ ငါ့ကို မလိုအပ်ဘူးဆိုတဲ့ အခါ ဝေးဝေးကနေ နေပေးမယ်.... သူကိုပိုင်ဆိုင် ချင်တဲ့ စိတ်တော့ ရှိတာပေါ့ ..ဒါပေမယ့် ..သူဘက်က ငါ့ကို အဲဒီလို ပြန်လည် မခံစားမိသရွေ့ ပေးဆပ်မှုနဲ့ပဲစောင့် နေချင်တယ်... သူရဲ့အချစ်မေတ္တာ ငါ့ဆီ ပြန်မလာသေးသမျှ ပေါ့လေ....."
"အင်း မင်းဟာက ရှုတ်နေတာပဲ"
"ဟုတ်ပ... ဝေ့လည်ကြောင်ပတ် ဇာတ်မျောကြီးပဲ..."
"အော်... မင်းတို့တောင် နားမလည်မှတော့ ငါမေတ္တာရှိမိ ချစ်မိတဲ့ ကောင်မလေးလည်း ငါ့ရဲ့ဖြူစင်တဲ့ အချစ်မေတ္တာ ခံစားမိပါ့ မလား ငါ့မျှော်လင့် မထားတော့ ပါဘူးကွာ....
ဘာပဲဖြစ်ဖြစ်လေငါ သူ့အပေါ်ထားတဲ့ အချစ်မေတ္တာကို သူငါ့ကို ချစ်ချစ်မချစ်ချစ် သူ့မေတ္တာငါ့ကို မတုန့်ပြန် ဆက်လက်ရှိနေ ဦးမယ်ကွာ...."
"အေးပါ ခိုင်ကြီးရာ ငါ့တို့ဆုတောင်း ပေးပါတယ်ကွာ မင်းမျှော်လင့်တဲ့ အချစ်မျိုးဖြစ်ပါစေလို့...."
"ငါ့လည်း မင်းအတွက် ကံကောင်းသောနေ့ရောက်ဘာပါစေလို့ ဆုတောင်းပါတယ်...."
"ကျေးဇူး မင်းတို့ဆုတောင်းပေး သလိုဖြစ်လာမယ်လို့ ယုံကြည်ရင်း သူ့ကို ဆက်လက်ချစ် မေတ္တာထား သွားမယ်ကွာ သူငယ်ချင်း တို့ရာ.........."

ကိုသူ(၂၇.၁၀.၀၈)

အချစ်အမုန်းသံသရာ

နှလုံးသားရေသောက်မြစ်မှတဆင့်
အချစ်သစ်ပင်ပေါက်ဖွားရှင်သန်
သမုဒယနွယ်များရစ်ပတ်တွယ်လျက်
မေတ္တာအခက်အလက်အကိုင်းအဆက်ဝေဆာ
သစ္စာပန်းများ ပွင့်လန်းကဖြာနေချိန်
အမုန်းတရားလေပြင်းမုန်တိုင်းတိုက်
စိမ်းကားခြင်းမိုးကြိုးပစ်ချ
ရက်စက်ခြင်းမိုးသီးမိုးပေါက်တွေကျ
နာကျဉ်းခြင်းမှောင်မိုက်မှုတွေစိုးမိုး
ခါးသီးခြင်းငလျင်တွေလှုပ်ဖရိုဖရဲဖြစ်
ကြေကွဲခြင်းသံဝေဂတွေရ
ဆွေးမြေ့ခြင်း သတိတွေဝင်လာ
အော်..အဲ့ဒါ အချစ်အမုန်းသံသရာ........



ကိုသူ(၂၇.၁၀.၀၈)

ဘယ်လိုကောင်မလေးလည်း

ဘယ်လိုကောင်မလေးလည်း


ဘယ်လိုကောင်မလေးလည်း
အသည်းတံခါးရိုက်ချိုးဖျက်ဝင်လာတယ်

ဘယ်လိုကောင်မလေးလည်း
အသည်းအား ထုတ်ချင်းထောက်မြားနဲ့ပစ်သွားတယ်

ဘယ်လိုကောင်မလေးလည်း
အသည်းထဲစူးနစ်ချစ်မိသွားစေတယ်

ဘယ်လိုကောင်မလေးလည်း
အသည်းအိမ်ရာ နှလုံးသားမြို့တော်တည်တတ်တယ်

ဘယ်လိုကောင်မလေးလည်း
အသည်းကို ချိတ်ပိတ်သေ့ခတ်နှိပ်ထားပြန်တယ်

ဘယ်လိုကောင်မလေးလည်း
အသည်းတစ်ခုလုံး သိမ်းကျုံးနေရာယူထားတယ်

ဘယ်လိုကောင်မလေးလည်း
အသည်းအား အေးမြနွေးထွေးအောင်လုပ်နေတယ်

ဘယ်လိုကောင်မလေးလည်း
ဘယ်လိုလေးလည်းကွယ်
ဘယ်လိုအသည်းတွေနဲ့
ကောင်မလေးတစ်ယောက်ပါလည်းကွယ်.....

ကိုသူ(၂၇.၁၀.၀၈)

Friday, October 24, 2008

MIT လွမ်းချင်း

တမာရနံ့ သင်းပျံ့ပျံ့
ရနံ့ဝေနေ တို့အမိမြေ...
တောင်ပတ်လည်ဝိုင်း မြူတွေဆိုင်း
ရစ်သိုင်းကာနေ သားတို့အမေ....
စက်မှုစွမ်းအား သားသမီးများ
မွေးဖွားခဲ့ပေ ချစ်သောအမေ.....
မိုးရွာပါက ရေတံခွန်အလှ
လှမ်းမြင်ရပေ ရှုခင်းဝေ.......
မန်းချယ်ရီခို သမီးပျို
တေးဆိုသံခြွေ မောပန်းဖြေ...
လွမ်းတေးသံချို သံပြိုင်ဆို
ရေလိုအေးရွေ့ လန်းစွင့်စေ....
ခြောက်နှစ်တာမျှ ခိုနားကြ
စည်းလုံးကြပေ မောင်နှမတွေ...
ပညာစုံလို့ တူပျံသန်း
အပြိုင်ထမ်းကျ တာဝန်ကျေ.....
ဆုံစည်းခဲ့ကြပေ
လှုပ်ရှားခဲ့ကြပေ
ဆည်းပူးခဲ့ကြပေ
စည်းလုံးခဲ့ကြပေ
တမြေတည်းနေ တရေတည်းသောက်
တမိတည်းပေါက် ရောက်ရာစခန်းမှာ
လျှောက်ကာဆက်လှမ်း မှန်းဆချစ်ဆဲ
အသည်းနှလုံးထဲက စက်မှုမြေ........

ကိုသူ(24.10.08)

အချစ်နဲ့ကပ်လျက်ရှိသောအရာ(သို့)အမုန်း

''မုန်းတယ်ကွာ....အဲ့ဒီမိန်းမကို မုန်းတယ်...''
''...ဟကောင်..မျိုးကြီး..မင်းပဲချစ်လှချည်ရဲ့ဆို.....ဘယ်နှယ့်မုန်းပြန်ရတာလည်း...ငါနားမလည်တော့ဘူး..မင်းကို...''
''.....ဒိုးကြီး....မင်းငါ့ကိုလာမရိနဲ့…..ငါတကယ်တင်းနေတာနော်..ဟိုမိန်းမကို ထွက်နေတဲ့ ဒေါသတွေ မင်းအပေါ်ပေါက်ကွဲလာရင် ငါ့အဆိုးမဆိုနဲ့…’’
“…အာ……တော်ကြစမ်းပါကွာ အေးအေးသက်သာပြောကြပါ…ကဲ…မင်းဘာလို့ သူ့ကိုမုန်းလည်း မျိုးကြီး…..’’
“ဟ…ငါ့ချစ်သလောက် ပြန်မချစ်လို့ပေါ့ကွ…”
“….ဟာ…ဒါမုန်းစရာလား…မင်းကလည်း ….ပြောပြမှ..ဖော်ပြမှ အချစ်မဟုတ်တာပဲ….မပြောပြ မဖော်ပြတဲ့ အချစ်က ပိုခိုင်မာသလားလို့ပါ……’’
“ငါ ဒါတွေမသိဘူး…ငါ့ကို မချစ်ရင်နေပါ…ငါချစ်တာလေးတောင် အသိအမှတ်ပြုဖော်မရတာ..ငါမခံစားနိုင်တော့ဘူးကွ…”
“..အင်း..မင်းတော့ အချစ်ကြီးပြီး အမျက်ကြီးပြီ ထင်တယ် မျိုကြီး….”
“ခိုင်ကြီးရာ နေပါစေ…ဒီကောင့်ကို မုန်းခွင့်ပေးလိုက်..အရမ်းချစ်တတ်ရင် အသည်းခိုက်အောင်မုန်းတတ်တဲ့သဘောကွ..ငါ့တော့ ဖြည်းဖြည်းပဲချစ်ဖြည်းဖြည်းပဲ မုန်းတော့မယ် ဒီကောင်ကြည့်ပြီး ချစ်ရမှာတောင် လန့်လာပြီ….”
“အင်း…ဟုတ်ပါ့ကွာ…လူတွေက အချစ်ပဲကြည့်နေကြတယ်..အချစ်နောက်ကပ်လျက် အမုန်းရှိတာ သတိမမူကြဘူး…ကြောက်စရာကြီးပဲကွ…..”
‘’ကဲ…..တော်ပြီကွာ…ဒီအချစ်နဲ့အမုန်း ရှင်းလေရှုပ်လေ ဒီအတိုင်းပဲထားလိုက်ကြစို့…ကဲ…အသည်းကွဲအထိမ်းအမှတ်…..ချီးယား(စ်)…”

ကိုသူ(၂၆.၃.၀၈)

Monday, October 20, 2008

အချစ် တစ်မှ တစ်ဆယ်

တစ်ရက်မှ မမေ့သတိရနေ
နှစ်ယောက်မပြောင်းလဲ ဒီအချစ်မင်းအသိ
သုံးနေမိ အကြင်နာစကားလုံးများ
လေးနက်စွာ ခံစားမှုတွေတိုး
ငါးမရှိတော့ ရေချိုးမပြန်တတ်သူ
ခြောက်ကပ်ကပ်နေ့တွေကျော်ဖြတ်
ခုနှစ်ရက်ဝေးရက်ခုနှစ်ရာလွမ်း
ရှစ်သောင်းလေးထောင် စေတီပြည့်အောင်ဆုတွေတောင်း
ကိုးကွယ်မိ အသည်းထက်အရှင်လို
ဆယ်သက်ဆယ်ကမ္ဘာတောင် မမေ့ဘူးခင်

ကိုသူ(၁၇.၁၀.၀၈)

Saturday, October 18, 2008

ရောင်စဉ်

အဖြူရောင်အချစ်
အပြာရောင် ခံစားမှု
အ၀ါရောင် နိုးထခြင်း
အနီရောင် သတ္တိတွေနဲ့(မြတ်နိုးခဲ့သော်လည်း)
အစိမ်းရောင် ဝေးလွင့်နိမိတ်
ခရမ်းရောင် အလွမ်းနေ့တွေပဲကြုံနေရ
ပန်းရောင်အနမ်းမှာမူးမေ့
တမ်းတမိ ရောင်စဉ်နှုတ်ခမ်းတစ်စုံ
ကျန်ရှိနေ ဗလာရောင်ရင်ခွင်တစ်ခုမှာ
ရောင်စဉ်မဲ့ ငြိမ်းချမ်းရေးလိုအပ်နေဆဲအသည်းတစ်လွှာ
နံ့သာရောင်ရနံ့ထုံလို့ သူခိုလှုံဖို့ကြိုနေတယ် ။ ။


ကိုသူ(၁၇.၁၀.၀၈)

Thursday, October 16, 2008

တားမြစ်ချက်အမှတ် ၅၂၈

အကြောင်းမဲ့
ချစ်ခဲ့မိတယ်မင်းကို

အမုန်းမဲ့
တွယ်တာခဲ့ပြီ ခုထိ

အလင်းမဲ့
မင်းနဲ့ဝေးတဲ့ နေ့တွေ

အချစ်မဲ့
ချစ်တဲ့မင်းကလွဲရင်လေ

အလှမဲ့
ဘ၀ရဲ့အဖော်ပျောက်နေသူ

အတွေးမဲ့
ဆွေးခဲ့ရတဲ့ရက်များစွာ

သံစဉ်မဲ့
ရှိုက်ခဲ့ငိုမိ ကဗျာလွတ်

ကာရန်မဲ့
လွမ်းခဲ့ စကားလုံးတွေရှာမရလို့

အနာဂတ်မဲ့
အတိတ်ရဲ့ ပျော်ရွှင်ခြင်းကွယ်ပြီမို့

ဆက်လျှောက်ခဲ့
ယိုင်နဲ့နှလုံးသားလွင်တီးခေါင်

နေထိုင်ခဲ့
အသည်းမဲ့ရပ်ဝန်း အလွမ်းကမ္ဘာ

မလာခဲ့နဲ့
မင်းရဲ့ ငမိုက်သား ငါ့လိုကောင်ဆီ

ကိုသူ(၁၆.၁၀.၀၈)

Wednesday, October 15, 2008

ငါ့ကဗျာ

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ဘာမှမပါတာလည်း ဖြစ်နေတတ်တယ်...

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
အရာရာ ပါချင်လည်းပါနေမှာပဲ....

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
နူးညံ့တာလည်း တွေ့နေမှာပေါ့....

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ပေါက်ကွဲတာတွေ ပြည့်ချင်ပြည့်နေမယ်....

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
နာကျဉ်းမှုလည်း ထင်နေမှာပါ......

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ဟဒယပျော်ရွှင် လန်းချင်လန်းနေ......

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
တမ်းတကာဆွေး လွမ်းတေးရေးပြန်ရော....


တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ဖွင့်ဟကာချစ် ဟစ်ချင်ဟစ်ပါရစေ....


တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ကာရန်တွေထပ် စပ်ချင်စပ်မိ....

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
သီကာစကားလုံး ကုံးချင်ကုံးကြည့်....

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ဖတ်မှတ်စရာ ပါချင်ပါလိုက်.....

တစ်ခါတစ်ခါ
ငါ့ကဗျာဟာ
ဗလာနတ္ထိ ဘာမှမသိအမှိုက်....

တစ်ခါတစ်ခါ ငါ့ကဗျာအား
ကျောက်သားထက်တွင် အက္ခရာတင်၍
မမေ့ဖတ်ဖို့ မျှော်မှန်းပါ၏....

တစ်ခါတစ်ခါ ငါ့ကဗျာအား
စာပေများအဖြစ် ဖတ်ရစ်မှာစုးလို့
မီးပုံရှို့မလား တွေးမိပါ၏....

ကိုသူ(၁၅.၁၀.၀၈)

Thursday, October 9, 2008

အချစ်ပေါင်မုန့်

အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်
ဝိုင်တစ်ခွက်ရယ်
ဘ၀မယ် ငါရောင့်ရယ်တယ်...တဲ့..
လူထဲကလူ ငါလည်း
အသည်းထဲကတောင်းဆို
အချစ်တော့လိုတာပဲ...
ဝမ်းထဲက အလိုအတွက်
ဝိုင်တစ်ခွက် ပေါင်မုန့်တစ်ခု
ဗိုက်ဖြည့်မှုတော့ လိုမှာပေါ့လေ...
အချစ်အတွက် ချစ်သူရှိမယ်
ဝမ်းအတွက် အစာတစ်ခုရယ်
ပြည့်စုံတယ်လို့ ယူဆပါတယ်...
လောကအတွက် ငါ
ငြိမ်းချမ်းစွာ ရှင်သန်
မှန်ကန်စွာ လှုပ်ရှား
တရားစွာ ရှာဖွေ
ကျင့်နေမယ် ရိုးသားမှု
ထားရှိမယ် စေတနာ
မေတ္တာကို ပွား
မုဒိတာထား
အားလုံးထဲက လူသား
ချစ်ခြင်းအားဖြင့် ဆက်လျှောက်လျက်
အသက်ထက် မြတ်နိုးသူ
အတူတူ လိုက်မလား စဉ်းစားထားကွယ်...........

ကိုသူ(8.10.08)

Monday, October 6, 2008

ဖိတ်ကြားလွှာ

ချစ်ခြင်းတွေက
ဖြစ်နေပြီ ကာရန်များ..
တမ်းတမှုတွေက
လွင့်စေပြီ သံစဉ်တေးသွား..
သတိရမှုများ
ရေးချယ်ထား စုတ်ချက်ပန်းချီ...
လွမ်းဆွတ်မှုတွေအား
ထုဆစ်သွားမယ် ပန်းပုရုပ်လို...
အားလုံးအား ပြတိုက်ဖွင့်
ရင်ပွင့်အခန်းတွင် စီစဉ်ထား၏
လာကြည့်ပါ မြတ်နိုးသူ
ကြွရောက်ပါ ခဏတာဖြစ်ဖြစ်
ဝေဒနာကြေငြာပွဲတစ်ခုသို့
ဒူးထောက်လို့ ဖိတ်ကြားအပ်ပါသည်....



ကိုသူ(4.10.08)

ထာဝရအတွက်

ချစ်ရခြင်းကနွေ
သတိရတာတွေကမိုး
တမ်းတမှုတိုးတာကဆောင်း
ရာသီပြောင်းလဲ မမုန်းနိုင်
သက်ဆုံးတိုင် သံယောဇဉ်
အမှန်ပြောရင် သစ္စာ
မေတ္တာတွေ ခိုင်ခိုင်မြဲ
မယိုင်လဲတဲ့ မြတ်နိုးခြင်း
စိုးမိုးတဲ့ ချစ်သည်းရှင်
သနားတတ်ရင် တုံ့ပြန့်ပေးပါ
ဆောင့်နေတာ ကမ္ဘာဆုံးတိုင်
တစ်သက်လုံးပိုင် တစ်ဘ၀တာဖြစ်ဖြစ်
စစ်မှန်စွာ စွဲမိသူတစ်ယောက်အား
ခွင့်ပြုမလား ထာဝရအတွက်
ဆက်ဆက်သာ မျှော်နေပါရစေခင်.....


ကိုသူ(၃.၁၀.၀၈)

Saturday, October 4, 2008

ချစ်ခြင်းသခင်အသည်းရှင်အား ပန်ကြားချက်

အို....လေညှင်းလေးအသင်
အေးမြမှုတွေလွှမ်း
(ငါ့ဘ၀ကို)ချမ်းမြေ့မှုပေးပါ....
အို...ကြယ်စင်လေးမင်း
လင်းလက်ပျိုဝင်း
(ငါ့ဘ၀အား)အမှောင်ခွင်းစမ်းလေ...
အို...အိုအေစစ်လေးအချစ်
အေးချမ်းမှုအပေါင်း
(ငါ့ဘ၀မှာ)အားသစ်လောင်းပါကွာ.....
အို.....မနက်ခင်းအရှင်
သစ်လွင်လန်းဆန်း
(ငါ့ဘ၀အတွက်)ပင်ပန်းမှုပျောက်ပါစေ.....
အို....နတ်သမီးလေးသခင်
ရှင်သန်ဖန်ဆင်း
(ငါ့ဘ၀အလုံးစုံ)ချစ်ခြင်းအား ထာဝရတည်....
အို.....မှော်ဆရာမလေးခင်
ကြင်နာမှုဆောင်း
(ငါ့ဘ၀အပေါ်)သွေးသစ်လောင်းလိုက်တော့.....
အို....ချစ်သည်းပိုင်ရှင်
သံစဉ်တွေလှပ
ကြွရွကာရန်ဖွင့်
(တို့ဘ၀အတွင်း)ရွက်လွှင့်ကြမယ် အတူတူပေါ့.....

ကိုသူ(၄.၁၀.၀၈)