Friday, January 25, 2008

အဖေ

အဖေ

မှန်နေရင်ဘာမှမကြောက်

ဒူးမထောက် နောက်မတွန့်

ရဲဝံ့စွာ ရင်ဆိုင်ရဲသူ

ခိုင်မြဲတဲ့ စိတ်ဓာတ်

မြင့်မြတ်မှုတွေနဲ့ အဖေ....

အဖေ

ရိုးသားမှုကို လက်ကိုင်ထား

စကားကတိ တည်မြဲ

ဆင်းရဲရင်လည်း အားမငယ်

ချမ်းသာထည်ဝါတော့လည်း မာနမထား

ကိုယ်ချင်းစာတရားများစွာနဲ့ အဖေ...

အဖေ

သားသမီးများ မညာရေးအတွက်

မိုးရွာရွာ နေပူပူ စီးပွားရှာ

အေးချမ်းစွာသင်ယူနိုင်စေဖို့

ပံ့ပိုးမှုများစွာနဲ့ အဖေ...

အဖေ

ပြဿနာကြုံလာရင်ရှေ့က

ရင်ဆိုင်ပြ တံတိုင်းကြီးလို

မုန်တိုင်းမကြောက် လှိုင်းဒဏ်မမှု

ရဲရင့်မှုများစွာနဲ့ အဖေ...

အဖေ

ရှုံးနိမ့်ရင်လည်း ပြန်လဲထ

အနိုင်ရလည်း မတရားမကျင့်

မေတ္တာနှင့် ချိန်ခွင်လျှာညှိ

သမာဓိများစွာနဲ့ အဖေ...

အဖေ

မိသားစုရဲ့ ဦးသျှောင်

အိမ်ထောင်ဦးစီး သမုတိနတ်

အကြီးမြတ်ဆုံးသော အရိပ်မိုးလို့

သားသမီးတို့ရဲ့ ကိုးကွယ်ရာသာ

အဖေပါပဲအဖေ...

ကိုသူ

Tuesday, January 22, 2008

သားတို့ရဲ သူရဲကောင်း

အမေ...
လောကထဲကို မရောက်လာခင်ကတည်းက
မေတ္တာအနန္တနဲ့ ဂရုစိုက်ခဲ့တာ
ကျေးဇူးပါ အမေ...
အမေ....
မွေးခါစမှာ ခြင်ယင်မှက်ဖိုမသန်းရအောင်
ပိုးမွေးသလို မွေးခဲ့ရရှာတဲ့
အချစ်များစွာနဲ့ အမေ...
အမေ...
ကျောင်းတက်စမှာ ကျောင်ေးနပျော်အောင်
ချော့မော့သင်ပြ ပညာရချင်အောင်
စွဲဆောင်မှုများစွာနဲ့ အမေ....
အမေ...
လူမှုလောက ရှုတ်ထွေးလှကြောင်း
အပေါင်းအသင်းမမှား လမ်းမမှားအောင်
လမ်းပြကြယ်လေး အမေ...
အမေ....
ရိုးသားမှုသာ ဂုဏ်ယူစရာ
အသိဥာဏ်နဲ့ အကောင်းအဆိုးသိဖို့
တရားပြ ဓမ္မကထိက အမေ...
အမေ...
လောကမှာ ဘယ်အရာမမြဲ
လောဘ ဒေါသ မာန်မာနကိုလျှော့
အရာရာကို ကိုယ်ချင်းစာဖို့
မေတ္တာရှင်မကြီး အမေ....
အမေ...
လောကဓံတရားကို အံတု
ချစ်မေတ္တာထုထည်အပြည့်
တိုက်ပွဲအလီလီ ဆင်နွဲ
သားတို့ရဲ သူရဲကောင်းဟာ
အမေမှ အမေပါပဲဗျာ....

အမေအားလုံးကို လေးစားလျက်
ကိုသူ
(အမေနေ့ အမှတ်တရ)

Monday, January 21, 2008

ရှိ၍မမြင်သောလမ်း...

သူငယ်ချင်း...

မင်းတို့သုံးယောက်

အားလုံးကို ခွဲခွာသွားပြီနော်....

မင်းတို့သွားခဲ့သောလမ်း

တို့လည်း တစ်နေ့တော့ လှမ်းရမှာပါပဲ....

မေ့လျော့နေကြတဲ့ဒီလမ်း

မင်းတို့လှမ်းပြလိုက်တာလားကွာ...

အင်း...သေမင်းဆိုတာ

စာရင်းရှိကြပြီးသားပါကွာ

အားလုံးဟာ တပြေးညီ

ငယ်တာကြီးတာ ရွေးနေမှာမဟုတ်

တဇြုတ်ဖြုတ်နဲ့ကြွေကျ

မြေခကြရမယ့် သစ်ရွက်လေးတွေပမာပါ...

အေး...လောကမှာ

မသေတတ်တာမရှိပါလို့

မင်းတို့တရားပြလိုက်သလားကွာ...

သေမင်းနဲ့ စစ်ခင်းရင်တော့

လည်စင်းခံကြရမယ့် သေမျိုးတွေဆိုတာ

ဘယ်လိုမှ ညာမရတာဧကန်

အမှန်ပြသွားကြတဲ့ သူငယ်ချင်းများ

မင်းတို့ သုံးယောက်

ကောင်းရာရောက်ပါစေကွာ

ဆုချွေတောင်းကာ

တရားရကြပါစေ တို့အားလုံး

အမုန်းအာဃာတတွေ ခ၀ါချ

မာနတွေ ဖယ်ခွာလို့

ချစ်ခင်စွာနေကြပါစို့

ကျန်သေးနေသော သူငယ်ချင်းများရေ.....

ကိုသူ