Saturday, October 4, 2008

ချစ်ခြင်းသခင်အသည်းရှင်အား ပန်ကြားချက်

အို....လေညှင်းလေးအသင်
အေးမြမှုတွေလွှမ်း
(ငါ့ဘ၀ကို)ချမ်းမြေ့မှုပေးပါ....
အို...ကြယ်စင်လေးမင်း
လင်းလက်ပျိုဝင်း
(ငါ့ဘ၀အား)အမှောင်ခွင်းစမ်းလေ...
အို...အိုအေစစ်လေးအချစ်
အေးချမ်းမှုအပေါင်း
(ငါ့ဘ၀မှာ)အားသစ်လောင်းပါကွာ.....
အို.....မနက်ခင်းအရှင်
သစ်လွင်လန်းဆန်း
(ငါ့ဘ၀အတွက်)ပင်ပန်းမှုပျောက်ပါစေ.....
အို....နတ်သမီးလေးသခင်
ရှင်သန်ဖန်ဆင်း
(ငါ့ဘ၀အလုံးစုံ)ချစ်ခြင်းအား ထာဝရတည်....
အို.....မှော်ဆရာမလေးခင်
ကြင်နာမှုဆောင်း
(ငါ့ဘ၀အပေါ်)သွေးသစ်လောင်းလိုက်တော့.....
အို....ချစ်သည်းပိုင်ရှင်
သံစဉ်တွေလှပ
ကြွရွကာရန်ဖွင့်
(တို့ဘ၀အတွင်း)ရွက်လွှင့်ကြမယ် အတူတူပေါ့.....

ကိုသူ(၄.၁၀.၀၈)

Monday, September 29, 2008

အို...အပရိုဒိုက်

အို...အပရိုဒိုက်
ချစ်လိုက်ရတာတုန်လို့
ရင်ခုန်အောင်သူပြုစား
(ကျွန်ုပ်အား)လူသားဆန်ခဲ့စေသလား....
အို...အပရိုဒိုက်
မူးမိုက်စွာယစ်ဆဲ
အသည်းထဲထိစိုးမိုး
(သံယောဇဉ်)ချစ်ကြိုးတွေချည်နှောင်သွား....
အို...အပရိုဒိုက်
လှိုက်လှဲစွာကြိုဆို၏
စွဲငြိမိ ဒီနှောင်ထုံး
(တစ်သက်းလုံး)မမုန်းအောင်တွယ်တာထား....
အို..အပရိုဒိုက်
ရိုက်ခတ်ခဲ့ ဒီရင်ထဲ
ပြိုလဲခဲ့ ရင်ခွင်တံခါး
(ပစ်ခွင်းခဲ့)အချစ်မြားရှင် သင်ပါတကား...
အို....ချစ်မိသော
ချစ်သော အပရိုဒိုက်
အချစ်မိုက်လေးအား
ပေးသနားပါ ထာဝရ
တစ်ဘစာတွယ်တာမှု
(မေတ္တာစစ်တွေနဲ့အတူ)မြတ်နိုးခွင့်ပြုပါ .....

ကိုသူ(၂၉.၉.၀၈)

Friday, September 26, 2008

ဘ၀ရဲ့ နည်းပညာရှင်များ(သို့)မိဘ

အမေ
သားအမှတ်ရမိတယ် အမေ
အကြောင်းမလှလို့ စီးပွားရေးပျက် ချွတ်ချိုကျတဲ့အခါမှာ သားသမီးတွေကို ဖြစ်တဲ့နည်းနဲ့ ရှာကျွေး ကျောင်းရအောင်ထားခဲ့တာ နည်းတဲ့ဇွဲသတ္တိမှ မဟုတ်ပဲအမေ
သူများတွေလို စည်းစိမ်ဥစ္စာမပေးနိုင်ရင် ပညာတတ်တွေဖြစ်လို့ ပညာအမွေပေးဖို့ လောကဓံကိုအံတု ဖက်ပြိုင်ပြုရဲတဲ့ သူရဲကောင်းစိတ်ဓာတ် မွန်မြတ်တဲ့စိတ်ထား အမေမေတ္တာကြီးမားလှပါတယ်ဗျာ
ဈေးတောင်းခေါင်းရွက် အကြော်သည်လက်က ဆရာဝန်တစ်ယောက်ဓာတုဗေဒဘွဲ့ရတစ်ယောက်အင်ရျင်နီယာနှစ်ယောက်တပ်မတော်အရာရှိ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာအောင် သားသမီးတွေကို မြေတောင်မြှောက်မြှင့်တင်းပေးလာနိုင်တယ်ဆိုတာ အံ့ဖွယ်သုတပါလားလို့ အများက ဆိုကြမလားမသိဘူး အမေရေ
သားသမီးတွေကို လွတ်လပ်ခွင့်ပေး ၀ါသနာအရေးထားလို့ စာဖတ်ခြင်း၊သီချင်းနားထောင်ခြင်း၊ဆိုခြင်း၊ဂစ်တာတီးခြင်း၊အပေါင်းအသင်းထားခြင်း၊အားကစားလိုက်စားခြင်း၊ပန်းချီဆွဲခြင်းတွေကို အားမေးမြှင့်တင်ရင်း ပီတိတွေနဲ့ မုဒိတာဝေတတ်ပြန်တာ တော်ရုံတန်ရုံ ပါမီတော့ ဟုတ်မယ်မထင်ဘူး ကျွန်တော်ယူဆတယ် အမေရာ
ကျောင်းအားရက်မှာ အလုပ်လုပ် ငွေရှာ ကိုယ်ဝမ်းစာကိုယ်ကျောင်း ကိုယ်ကျောင်းစရိတ်ဖာဖို့ သားသမီးတွေမို့ မခိုင်းရက် မကြည့်ရက်လည်း ကိုယ့်ခြေထောက်ကိုယ်ရပ်တတ်တဲ့အကျင့်တွေအလိုလိုရလာတာကို ဂုဏ်ယူဝံ့စားမော်ကြွားတတ်တာ အမေမလွန်ပါဘူးနော်ဗျာ
အဖေ
သားစိတ်ထဲမှာ မြင်ယောင်နေတုန်းပဲအဖေ
သားဆယ်တန်းမြန်မာစာသင်နေတုန်းမှာပေါ့ နားထဲဝင်လာတဲ့အသံ
အဖေအသံပါ “စမူဆာကြော်၊တုတ်ထိုးကြော်၊အီကြာကွေးတွေ ရမယ်ဗျို့”လို့အော်လိုက်တဲ့အသံ ထွက်ကြည့်စရာမလို အဖေ၀တ်နေကျ အင်္ကျီနွမ်းနွမ်း၊ပုဆိုးကျေကျေ၊ထန်းဖူးဦးထုပ်၊စက်ဘီးစုတ်တစ်စီး ခြင်းထောင်းနှစ်လုံးမြင်ကွင်းကို အလွတ်ရနေပါပြီလေ
စိတ်ထဲမှာ အသိတစ်ခုတန်းဝင်လာတယ် ငါတို့ကြိုးစားရမယ်ဆိုတဲ့အသိ ဖျတ်ခနဲ၊လက်ခနဲ၊လင်းခနဲ၊ရှင်းခနဲ၊ဒိုင်းခနဲ ၀င်လာတယ်
ဥာဏ်ကောင်းပေမယ့် ပေပေတေတေတေတ်တဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြုပြင်အသိဝင်အောင် နှုတ်နဲ့မပြော အလုပ်နဲ့ပြောလိုက်သလိုပါပဲ အဖေ
ဆင်းရဲရင်းလည်း အားမငယ်နဲ့ ချမ်းသာရင်လည်း မမောက်ကြွားနဲ့ဆိုတဲ့ လက်သုံးစကား လက်ကိုင်ပြု ရိုးသားမှုသာ ဂုဏ်ယူစရာ သံမှိုစွဲကာ စိတ်ထဲဝင်ဖို့ အထပ်ထပ်ဆုံးမတတ်တဲ့အဖေ
ကိုယ်ဘ၀ချမ်းသာဖို့ သူတစ်ပါးကိုနင်းချေလိမ်လည်တာကို ရွံ့မုန်း စိတ်ကောင်းထားဖို့ သွန်သင်တာလည်း အဖေ့စေတနာ အသည်းမှာ သေသည်ထိအဲဒီစိတ်ရှိနေရပါစေမယ် အဖေ
မကိုလည်းခင် ဥကိုလည်းခင် မဖောက်မပြေား ယောက်ျားကောင်းစိတ်ဓာတ် စီးပွားပျက်သော်လည်း လူးလဲပြန်ထ သားသမီးတွေ ဘ၀လှစေဖို့ အခက်အခဲမျိုးစုံဖြတ်သန်းတဲ့ အဖေကောင်းစိတ်ဓာတ် အမွေအဖြစ် ရလိုက်တာ ကျေးဇူးကမ္ဘာပါ အဖေ
အဖေနဲ့ အမေကြောင့် မိဘဆိုတာ သားသမီးတွေရဲ့ စိတ်ဓာတ် ပညာ အရာရာကို နည်းမျိုးစုံနဲ့ပညာပေးတတ်တဲ့ ဘ၀ရဲ့နည်းပညာရှင်များပါလို့ အသေအချာပြောလိုက်ချင်တော့တယ်ဗျာ………..




ကိုသူ
မှတ်ချက်။ ။ဒီဝတ္ထုတိုလေးကို စာနယ်ဇင်းပြိုင်ပွဲတစ်ခုမှာ ၀င်ပြိုင်ထားပါတယ်