Monday, March 24, 2014

သေပြီ…ဆရာကြီး



စိုင်းစိုင်းက သေပြီဆရာ…တဲ့

ကျွန်တော်ကျ “သေပြီ ဆရာကြီး”….ပေါ့

ဘာလို့လည်းဗျ

ကျွန်တော့်ချစ်သူ …ခုတော့ ကျွန်တော့် ဇနီးပေါ့…

သမီးရည်းစားဘ၀ကတည်းက သင်ပေးတာ ကိုကို လို့ခေါ်ရင်ခေါ်…မခေါ်ရင်လည်း ကိုကြီး…ဒါမှမဟုတ်….ကိုသူ…

တစ်ခုခုခေါ်ပါ သင်ပေးလည်းမရ…ခုထိ ဆရာကြီး….

နဖူးစာ ရွာလည်ပုံများပြောပါတယ်…

ကျွန်တော် မုံရွာမှ ကွန်ပျူတာသင်တန်းလေးဖွင့်တယ်…မီးက ခဏခဏပျက်…မီးစက်လည်းဝယ်ထားပါရက်…

မီးစက်ကပါ ရေမြေလိုက်ပြီး ခဏခဏပြင်ရ…နဲ့…သင်တန်းပါပြန်ပိတ်ချင်စိတ်ပေါက်လာတယ်။

အဲ့ဒီအချိန်… ရွာမှာ ဘုန်းကြီးဝတ်နေတဲ့ ညီ ၀မ်းကွဲတစ်ယောက်က ရောက်လာပြီ သူ့ရွာမှာ မီးမှန်တယ်

လိုက်ဖွင့်ကြည့်ပါဆိုလို့ ပါသွားတယ်…ရွာမှာ စမ်းဖွင့်ရင်းနဲ့ ကိုယ့်ဆီလာတက်တာ

ဆယ်တန်းကျောင်းသားတစ်ယောက် ပါလေရဲ့…အောင်စာရင်းထွက်တော့ ကျပါလေရောဗျို့…

သူ့အိမ်ကလည်း ချိုတဲ့တော့ သနားတာနဲ့….ကျောင်းပြန်တက်ကွာ…ငါသင်ပေးမယ် အခမဲ့ဆိုပြီး…

ဆယ်တန်းမသင်ပဲနေလာတာကြာပြီ သင်ဖြစ်သွားတယ်….အဲ့မှာ သုတို့က ခေါ်တာ “ဆရာကြီး”…အဲ့ဒီကနေ….တစ်ရွာလုံးဆရာကြီးဖြစ်သွားရော…

အိမ်နာမည် ကိုသူ ခေါ်တဲ့သူရှိပါရဲ့ တစ်ယောက် နှစ်ယောက်…

စာသင်လို့ခေါ်တာဆိုတော့…ခေါ်ပါစေပေါ့…ဆရာကြီး…

အဲဒီရွာကနေ ကွန်ပျူတာတက်တဲ့သူ နည်းလို့ ပြန်မယ်လုပ်တော့ နောက်တစ်ရွာက သူတို့ရွာလည်း

လိုက်စမ်းသင်ကြည့်ပါဦးဆိုလို့… လိုက်သင်ဖြစ်တယ်….အဲ့မှာလည်း ဆရာကြီးပဲ ဆက်ခေါ်တယ်…

ဘာမှမဖြစ်ဘူးလေ…ခေါ်ပေါ့….ကွန်ပျူတာလည်းသင် …တစ်ဖက်ကလည်း ချိုတဲ့တဲ့ ကလေးတွေကို

အခမဲ့စာသင်ပေးနေတော့….ခေါ်ကြတာပဲ…အခေါ်ခံလိုက်တယ်….အဲ့ရွာမှာ တော်တော်ကြာတယ်ဗျ…

ပြန်မယ်လုပ်လိုက် ကွန်ပျူတာတက်မယ့်သူတွေက အပြုံလိုက်ရောက်လာလိုက်…နဲ့….တော်တော်ကြာသွားတယ်....

နောက်ဆုံးတစ်ခေါက်ပြန်မယ် အလုပ်မှာတော့ အိမ်ထောင်ပါကျသွားတယ်ဗျို့…

ကျွန်တော်ရတဲ့မိန်းမက ကျွန်တော့်ကွန်ပျူတာတပည့်လည်းမဟုတ်…စာလာသင်တဲ့တပည့်လည်းမဟုတ်….သင်္ကြန်မှာ

သူ့အိမ်ကိုအလည်ပြန်လာရာက စခင်တာ…မုံရွာမှာ အလုပ်လုပ်နေတာ သူက….သင်္ကြန်မှာ စခင်ရာကနေ ရည်းစားဖြစ်…နောက်

အိမ်ထောင်ကျ တဲ့…အထိပေါ့ဗျာ….

သူကလည်း…စခင်ကတည်းက ဆရာကြီးဆိုတော့…..ခု ထက်ထိ ..ဆရာကြီးပဲ……ဆိုးတာက ယောက္ခမကလည်း ဆရာကြီး…ပဲ…

နာမည်ခေါ်ခိုင်းလည်း အကျင့်ပါနေကြပြီ….မခေါ်တတ်ကြတော့ဘူး…

ကျွန်တော့်အိမ်က အမေတို့ ညီမတို့လည်း သင်ပေးပါတယ် သူတို့ ချွေးမ ယောင်းမကို ကိုသူလို့ပဲခေါ်ဖို့…

မရတော့ဘူးဗျ….. နှုတ်ကြိုးနေပြီဗျ….ဆရာကြီး မှ….ဆရာကြီး….ပဲ

ကဲဗျာ…..အနယ်နယ် အရပ်ရပ်မှာ ….မိန်းမနဲ့ယောက္ခမက…ဆရာကြီးခေါ်ခံရတဲ့သူများ ရှိသလားဗျ…

ရှိရင် အကြောင်းကြားပါဗျို့…အဖော်လေး ဘာလေး ရတာပေါ့….မိတ်ဆွေဖွဲ့ထားချင်လို့….

နို့မို့ တစ်ယောက်တည်း…အားငယ်သဗျို့…တကယ်…တကယ်….

ကိုသူ(မုံရွာ)

နေ့လည် ၂:၂၄ ၂၄.၃.၂၀၁၄

Sunday, March 23, 2014

မိဘ(သို့)တုနှိုင်းမဲ့ မေတ္တာရှင်များ



သူတို့သည်

လောကကြီးကို မိတ်ဆက်ပေးသူများ ဖြစ်ကြသည်…

သူတို့သည်

ထာဝရမေတ္တာရှင်များ ဖြစ်ကြသည်…

သူတို့သည် တုနှိုင်းမရသူများ ဖြစ်ကြသည်…

သူတို့သည် ဘာကိုမှ ပြန်လည်မမျှော်လင့်ကြ…

သူတို့သည် ပေးဆပ်ခြင်းနဲ့ ပျော်မွေ့….

သူတို့သည်

အေးရိပ်ဆာယာ…

အကြင်နာပန်း

အစဉ်လန်းလျှက်

မောပန်းမမှု

ထုဆစ်အမြဲ

ကရုဏာအသည်း

မုဒိတာနှလုံး

မဆုံးတမ်း ချစ်ခြင်းများစွာဖြင့်…

ကမ္ဘာကို အလှဆင်သူများသာ ဖြစ်ကြပေသည်…

စမ်းချောင်းလေး

နံနက် ၁၀း၂၄ ၂၃.၃.၂၁၀၄

Saturday, March 22, 2014

ထွက်မသွားပါနဲ့



ကာရန်တွေရယ်

ဘယ်ကိုမှ ထွက်မသွားပါနဲ့

ကဗျာရဲ့ရင်ကွဲရှသွားမှာ စိုးလို့ပါ…..

နရီတွေရယ်

ဘယ်ကိုမှ ထွက်မသွားပါနဲ့

သံစဉ်ရဲ့ရင်ထိရှသွားမှာ စိုးလို့ပါ..

ချစ်ခြင်းတွေရယ်

ဘယ်ကိုမှ ထွက်မသွားပါနဲ့

နှလုံးသားတစ်ခု ပျောက်ရှသွားမှာ စိုးလို့ပါ……

စမ်းချောင်းလေး

နံနက် ၈း၃၀ ၂၂.၃.၂၀၁၄