Friday, July 18, 2008

ကျွန်တော်ရဲ့ နတ်သမီး



မေတ္တာတရားတွေမွေးဖွားရှင်သန်

သစ္စာတရားတွေ ချည်နှောင်လို့မြဲမြံ

သံယောဇဉ်ကြိုးတွေ ရစ်ပတ်အထပ်ထပ်

ချစ်ခြင်းတွေကို လှုပ်နှိုးပေါက်ဖွားဖန်းဆင်းခဲ့တယ်.....

တမ်းတမှုတွေ ဒီရေလိုတရိပ်ရိပ်တိုး

လွမ်းဆွတ်မှုတွေ လှိုင်းလို့မြင့်တရွေ့ရွေ့တက်

သတိရမှုမိုးတွေ အသည်းအသန်ရွာသွန်း

မျှော်လင့်မှု တိမ်တိုက်တွေ ရွေ့လျားအောင် စေခိုင်းပြန်တယ်...

အင်း.....ကိုယ့်ရေးစပ်တဲ့ကဗျာ...

ကိုယ်သီဆိုခဲ့ တေးသွားများ...

ကိုယ်ရေးချယ်တဲ့ ပန်းချီကားတွေရယ်..

ကိုယ်ထုဆစ်တဲ့ ပန်းပုရုပ်တွေအား...

အများအပြားတရစပ် ထွက်ပေါ်လာအောင်..

ဘာမန္တာန်တွေရွတ်

ဘာဂါထာတွေမှုတ်လိုက်သလည်း

အသည်းနှလုံးကို ပိုင်စိုး

သိမ်းပိုက်ကာ လွှမ်းမိုးထားခဲ့

ကိုယ်ရဲ့ နတ်သမီး ကိုယ်ရဲ့သခင်

ပျော်ရွှင်စရာနေ့ရက်လေးတွေရော ဘယ်တော့များမှာ ဖန်ဆင်းပေးမယ်လို့ စိတ်ကူးထားပါသလည်းကွယ်....

Friday, July 11, 2008

ထိုမျှမကသော............

မင်းကို ချစ်တာတွေသာ

သစ်ပင်ဖြစ်ရင်

ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်

အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်....

မင်းကိုလွမ်းတာတွေသာ

ပန်းဖြစ်ရင်

ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့

ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့....

မင်းကိုတမ်းတတာတွေသာ

ရေဖြစ်ရင်

ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ

အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ....

မင်းကိုသတိရတာတွေသာ

ရွှေဖြစ်ရင်

ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့

လူတိုင်းကျောက်မျက်ရတနာဆင်နေမလားကွယ်....

ကဲ..ကဲ...

ပိုတယ်ပြောမနေနဲ့

လိုတယ်လို့တောင်ထင်တယ်

ကိုယ်ရဲ့အချစ်

ကိုယ့်မေတ္တာဟာ

ကမ္ဘာမြေသိန်းသန်းအထု

အစုစုမက

စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်

အဲလောက်တောင်မကကို ထင်နေတာ အသေအချာပါပဲ ချစ်သူရယ်....

ကိုသူ

Tuesday, July 8, 2008