Tuesday, December 23, 2008

နှလုံးသား ဗိုင်းရပ်(စ်)၀င်နေသည်

နှလုံးသားထဲ ၀င်လာတယ်
နင်ဟာ ဗိုင်းရပ်(စ်)ပါပဲ
အသဲကို ဖော်မက်ချရတော့မယ်
ငါ့ဒေတာတွေ ပြောင်းပြန်ကမောက်ကမဖြစ်
ငါ့ပရိုဂရမ်တွေ ယောက်ယက်ခတ်
ငါ့မန်မရီတွေ ပျောက်ဆုံး
ငါ့ပရိုဆက်ဆာတွေ နှေးကွေး
ငါ့ဆီမော့ပါ ချမ်းသာမပေး
ငါ့ဘိုင်အို့(စ်)ပါ အတင်းဝက်တိုက်
ငါ့ဖိုင်းယားဝေါကြီး ကျိုးပျက်
ငါ့အန်တီဗိုင်းရပ်(စ်)ပါချိုးနှိမ်
အော့ အော် နင့်အချစ်တွေ
တော်တော့ တော်တော်ကို အစွမ်းထက်
စိတ်ရှိလက်ရှိသာ ဖျက်ဆီးလိုက်ပါ
ငါ့ပီစီကမ္ဘာတစ်ခုလုံး အမှောင်ဖုံးတောင်မကြောက်
နောက်ဆုံးအက်ရှင်ထိ ဆက်ချစ်သွားမယ်
ငါ့စက်ကျူရတီတွေ မကုန်မချင်းပေါ့
ငါ့အသက်ဝက်ဆိုက်မှာ မှတ်ကျောက်တင်
ငါ့ဒဏ်ရာဘလော့မှာ မှတ်တမ်းဝင်
ငါ့ဝေဒနာဖိုရမ်မှာ ထိပ်တန်းရှင်
တော့တန်းပထမ ခံစားမှုခရီရိတ်တာက မင်း
အရှုံးပေးကာ အလေးပြု လေးစားမိပါရဲ့
အပ်ပဒိတ်လုပ်တောင် မနိုင်တဲ့ မင်းပြုစားမှုတွေကိုလေ

ကိုသူ
23.12.08

ဆန်တာ(Santa)လွမ်းတဲ့ခရစမတ်

ဒီဇင်ဘာတောင်ရောက်ပြီကိုး
မဟောင်းမသိုး အသစ်အသစ်အဖြစ်များနဲ့အတူ
ဆောင်းရဲ့ မယိုးနိုင်သင်္ကေတနှင်းတွေ
ဖြိုးဖြိုးဝေကျ မြေခနေလေရဲ့
ဟုတ်ကဲ့ လွမ်းနေပါတယ်
ပျော်ရွှင်ဖွယ်ခရစ်စမတ်တောင် မပျော်
မမော်နိုင်သူ ဆွေးနေခဲ့
တွေးပူတဲ့အကြောင်း သူမသိ
မချိအောင် ခံစား
အော် သူမသိပါလား
ငါ့အလွမ်း
ငါ့အဆွေး
ငါ့အတွေး
ငါ့တမ်းတမှုတွေကို
အေးမြလေသောဆောင်း
နှင်းတွေခညောင်းတဲ့ ဒီဇင်ဘာ
ဆန်တာတောင် ကူလွမ်းနိုင်ပါ့မလား
ထင်မထားဘူးဆို ငါလွန်တယ်လို့
ဆိုဦးမယ် မြတ်နိုးသူက
ကဲလွန်းလှတယ်ထင်လည်း
အသည်းပေါက်မတတ် ရင်ကွဲအက်အောင်
ခရစ်စမတ်မှာမောင် လွမ်းပါရစေခင်.........


ကိုသူ
22.12.08


မှတ်ချက်။ ။ဒီကဗျာလေးက အမ်စီအိုမှာ ခေါင်းစဉ်ပေးကဗျာပြိုင်ပွဲ(၂)မှာ ၀င်ပြိုင်ထားပါတယ်

Wednesday, December 17, 2008

တစ်လှမ်းစာ

တစ်လှမ်းစာပါပဲ
လာခဲ့ပေမယ့် မရခဲ့သူ
အမူမထူးခဲ့ပါဘူး
ရူးသွပ်စွာချစ်
ရစ်နွယ်မိ သံယောဇဉ်
အစဉ်နှောင်တွယ်မိတယ်ဆိုတော့မှ
ထားရက်တယ် တစ်ယောက်တည်း
အသည်း တနုံနုံထိ
မချိတနင့်နင့် ရှိုက်ငို
ကြိုမသိခဲ့ပါဘု
အချစ်တစ်ခုနဲ့ ယုံစား
အပြေးအလွှားလာ သူပျော်စေဖို့
ရဲရဲတို့ သတ္တိတွေမွေး
အော် ခုတော့ ဆွေး...
မော်ကြပါစေ သူတို့နှစ်ဦး
ကြည်နူးစွာ အဝေးကနေ
ခိုင်မြဲစေ ဆုမွန်ကောင်းတောင်းလျက်သာပ
ဆောင်းတစ်ညမှ နှင်းတွေဝေသမျှ ငိုရ
(ကိုယ်က) နှောင်းနောက်ကျကျန်ခဲ့သူပါလေ.....


ကိုသူ
16.12.08