Monday, February 2, 2009

နှလုံးသားအခဲအငွေ့ပျံမှုကိုဖြစ်စေသောပုံရိပ်အချို့အကြောင်း

နှလုံးသားမှာပုံရိပ်တစ်ခုရှိတယ်
ရုပ်ပုံရှင်သိနေပါလျက်
ပင့်သက်လေးတောင်မကြားယောင်
မှောင်နေတဲ့အခန်းမီးပေးဖို့
မေ့လျော့လို့နေလေသလား................
ဝါးတားတားတန်ပြန်တစ်ခုတော့
ကြားတော့ကြားမိသလိုပါပဲ.....
စမ်းရေးစီးသံလား
ညည်းညူသံလား
ဖမ်းဆုတ်လို့မရသေးဘူး အဲ့ဒီအသံ.....
လွှတ်လိုက်တဲ့အလင်းတန်းမထိရောက်လို့လား
အကြိမ်ကြိမ်ပို့လွှတ်ကြည့်ခဲ့တယ်
ဟိုးဘက်မှာ အလင်းပြန်တစ်ခုမရှိဘူးထင်ရဲ့
ဟုတ်ကဲ့....နှလုံးသားပူမနေပါဘူး
အထူးသတ်မှတ်ထားတဲ့အပူချိန်ကျော်သွားပြီတဲ့
အရည်မပျော်ပဲ ခဲရာကနေ
ခြောက်သွေ့စွာအငွေ့ပျံတဲ့အဖြစ်အပျက်
ကောင်းကင်ကိုတက်မလား
ဘေးဘက်ကိုဝေ့သွားမလား
စဉ်းစားမနေပါ မဆန်းစစ်ဘူး
ထူးဆန်းတဲ့အကြောင်းတစ်ခုမဟုတ်သလို
ယေဘုယျတစ်ဒင်္ဂအဖြစ်မှတ်ယူ
နောက်ထပ်အပူချိန်ပေးမယ့်မီး
အငွေ့ကိုခဲပြီးပေးမယ့်အချိန်
လိုအပ်တဲ့ဒီဂရီတွက်စစ်ဖမ်း
မှန်းဆနိုင်တဲ့ နှလုံးသားပုံရိပ်
အထိတ်တလန့်စောင့်မနေချင်တော့ဘူး
မျှော်လင့်ရင်းလဲ အရည်ပျော်ယောင်မဆောင်တတ်တော့ဘူး
အေးလေ နှလုံးသားအခဲအငွေ့ပျံတာ
ရင်ဘတ်မှာ ဖြစ်နေကျအလေ့အထတစ်ခု
နောက်ထပ်ထုဆစ်နေတော့ကော
ပုံစံမတူတဲ့ပုံရိပ်နဲ့
တန်ပြန်မှုမတူသောရိုက်ခတ်ချက်
ကြားနေကျအသံချင်းလည်း တူမှာမှမဟုတ်ပဲလေ
မှောင်နေကျအခန်းမှောင်နေပါစေတော့ကွယ်.............

ကိုသူ(ကဗျာချစ်သူ)
31.1.09

ည၊လမင်းနဲ့ပန်း အိပ်မက်

ညကလေး
လှပမှု မွမ်းထုံ
ကြုံခဲ့တယ် အမှတ်တမဲ့သာ
နူးညံ့စွာ အနိုင်ယူ
ဖေးကူပါ အားဆေးကြွေး
မဆွေးပါရစေနဲ့
ကြင်လှဲ့ပါကွဲ့
ညခင်းငယ်ရဲ့.....

လကလေး
အေးမြှုလွှမ်းခြုံ
ဆုံခဲ့တယ် မထင်မှတ်စွာ
တစ်ဘ၀စာ အပိုင်ယူ
မငြူစူပါ အားလုံးပေး
မဝေးပါရစေနဲ့
နီးပါရစေကွဲ့
လမင်းငယ်ရဲ့......

ပန်းကလေး
မွှေးမြမှု ရနံ့စုံ
ပုံခဲ့တယ် ယုံမှားကင်းကာ
သိမ့်မွေ့စွာ အလံထူ
သရဖူသခင်ပါ အားများမွေး
ပေးအပ်ပါရစေကွဲ့
မြတ်နိုးစွာနဲ့
ပန်းဆင်းငယ်ရဲ့.....

အိပ်မက်လေး
ကြည်နူးမှု အပြည့်စုံ
ယုံခဲ့တယ် သံသယမရှိပါ
သိပ်းပိုက်ကာ အကြင်နာယူ
မပူပင်ပါ လွမ်းခြင်းဝေး
ထွေးပွေ့ပါလှဲ့
ငဲ့ကြည့်ပါကွဲ့
အိပ်မက်ငယ်ရဲ့.......


ကိုသူ(ကဗျာချစ်သူ)
29.1.09

အနှိုင်းမဲ့မေတ္တာတော်ရှင်(သို့)အမေ(၂)

ဒီလက်ပါပဲ
ပုခက်ကိုလွှဲခဲ့တာ

ဒီလက်ပါပဲ
ကမ္ဘာကိုကိုင်လှုပ်နိုင်တာ

ဒီလက်ပါပဲ
ပန်းများစွာပွင့်ဖူးစေတာ

ဒီလက်ပါပဲ
အရာရာကို စိမ်းလန်းစေတာ

ဒီလက်ပါပဲ
ကြီးမြတ်သူတွေကိုမွေးဖွားသွားတာ

ဒီလက်ပါပဲ
သိမ်ငယ်မှုကိုပျောက်အောင်လုပ်နိုင်တာ

ဒီလက်ပါပဲ
ဆိုးတာကောင်းတာမခွဲခြားတာ

ဒီလက်ပါပဲ
အရာရာကိုဖြစ်စေနိုင်တာ

ဒီလက်ဟာ
ဖန်ဆင်းရှင်
မှော်ဝင်
အဆင်မြင့်တန်းသခင်
ယှဉ်ပြိုင်သူရှုံးမယ်ကွဲ့
အနှိုင်းမဲ့
အကြွင်းမဲ့
အတိုင်းအဆမဲ့မှုများနဲ့
ကိုင်လှုပ်သွားခဲ့ စကြာဝဠာတတိုက်လုံးအတွက်ထာဝရမွန်မြတ်မှုများရေးသားလျက်.........

ကိုသူ