ညကအမှောင်ကို ဟားတိုက်ရယ်တယ်
ကြယ်က အလင်းနဲ့ရန်ဖြစ်ထားလေရဲ့
တိတ်ဆိတ်မှုများက ခြုံခိုတိုက်ခိုက်မလို့ဆိုပဲ
လ'လား အဝေးတစ်နေရာကို ခရီးခဏဆိုပြီးထွက်သွားတယ်
နရီတေးသွားတွေ အိပ်မောကျနေကြတယ်ထင်တာပဲလေ
မြူလိုလို နှင်းလိုလိုဧည့်သည်တွေတော့ အလည်လာတတ်ပါတယ်
အနက်ရောင်က ကတ္တာရာလမ်းတွေကို ဖုံးအုပ်ထားတယ်
ကဗျာကတော့ မအိပ်ပဲ ဘာလို့နိုးကြားနေတယ်မသိ(လမ်းထလျှောက်ဖို့ထင်ရဲ့)
မနက်ခင်းထိ စကားလုံးတွေစီမလို့လား
ဝေဒနာကို အဖြေရှာမနေပါနဲ့
ဒဏ်ရာဆိုတာ အချိန်တန်ရင် အကင်းသေသွားမှာပါ
အမာရွတ်လေးတွေ ထင်ကျန်နေတတ်တာကလွဲလို့ပေါ့
အတွေးတွေကတော့ ဆော့ကစားဖို့ ကြိုးစားမလို့လား
နှလုံးသားက သွေးလှူဘဏ်မှာ စာရင်းသွင်းထားသကိုး
ဆိုးရွားတဲ့ ခံစားချက်တွေ အမျက်ထွက်မှုမကုန်မချင်းမောနေမှာပေါ့
အသဲတစ်စုံ ခုန်ပေါက်အသက်ထွက်သွားဦးမယ်
မိုးသောက်ယံမှာ အလှဈာပနတစ်ခုကျင်းပနေရမှာစိုးလို့ပါ
ဘာရယ်....စကြာဝဠာဟိုဘက်ကနေ ပြန်လာခဲ့ပြီဟုတ်စ
အတွေးတွေက တစ်စစီကြဲပြန့်နေတာ ကောက်စုထားပေးပါတဲ့
ကာရန်က ငိုမဲ့မဲ့နဲ့ ထိုင်ကြည့်နေမှာပါ
ဒါလား....ဘာမှမဟုတ်ပါဘူး
စိတ်ကူးကို အရူးထောင်ပို့ကြမလို့ပါ
သာသာယာယာနဲ့ အချစ်မေ့ဆေးသာပေးလိုက်ကြပါ
အကြင်နာ စပါယ်ရှာယ်နာ့စ် ငှားပြီးတော့
မေတ္တ္ဌာဆေးခန်းမှာ တင်လိုက်ပေါ့
သစ္စာတရားဆေးရဲ့ ကုသမှုအောက်မှာ
သံယောဇဉ်ဆရာဝန်က အသက်ကယ်ပေးသွားခဲ့တာတဲ့
အိပ်မက်၏၀ိညာဉ်ရှင်သန်ထမြောက်လာတာ လက်ခုပ်တီးကြိုဆိုလိုက်ကြပါ.....
ကိုသူ(ကဗျာချစ်သူ)
၃.၁.၀၉
Tuesday, February 3, 2009
အိပ်မက်၏၀ိညာဉ်
Posted by
wkthu
at
10:08 AM
0
comments
Monday, February 2, 2009
နှလုံးသားအခဲအငွေ့ပျံမှုကိုဖြစ်စေသောပုံရိပ်အချို့အကြောင်း
နှလုံးသားမှာပုံရိပ်တစ်ခုရှိတယ်
ရုပ်ပုံရှင်သိနေပါလျက်
ပင့်သက်လေးတောင်မကြားယောင်
မှောင်နေတဲ့အခန်းမီးပေးဖို့
မေ့လျော့လို့နေလေသလား................
ဝါးတားတားတန်ပြန်တစ်ခုတော့
ကြားတော့ကြားမိသလိုပါပဲ.....
စမ်းရေးစီးသံလား
ညည်းညူသံလား
ဖမ်းဆုတ်လို့မရသေးဘူး အဲ့ဒီအသံ.....
လွှတ်လိုက်တဲ့အလင်းတန်းမထိရောက်လို့လား
အကြိမ်ကြိမ်ပို့လွှတ်ကြည့်ခဲ့တယ်
ဟိုးဘက်မှာ အလင်းပြန်တစ်ခုမရှိဘူးထင်ရဲ့
ဟုတ်ကဲ့....နှလုံးသားပူမနေပါဘူး
အထူးသတ်မှတ်ထားတဲ့အပူချိန်ကျော်သွားပြီတဲ့
အရည်မပျော်ပဲ ခဲရာကနေ
ခြောက်သွေ့စွာအငွေ့ပျံတဲ့အဖြစ်အပျက်
ကောင်းကင်ကိုတက်မလား
ဘေးဘက်ကိုဝေ့သွားမလား
စဉ်းစားမနေပါ မဆန်းစစ်ဘူး
ထူးဆန်းတဲ့အကြောင်းတစ်ခုမဟုတ်သလို
ယေဘုယျတစ်ဒင်္ဂအဖြစ်မှတ်ယူ
နောက်ထပ်အပူချိန်ပေးမယ့်မီး
အငွေ့ကိုခဲပြီးပေးမယ့်အချိန်
လိုအပ်တဲ့ဒီဂရီတွက်စစ်ဖမ်း
မှန်းဆနိုင်တဲ့ နှလုံးသားပုံရိပ်
အထိတ်တလန့်စောင့်မနေချင်တော့ဘူး
မျှော်လင့်ရင်းလဲ အရည်ပျော်ယောင်မဆောင်တတ်တော့ဘူး
အေးလေ နှလုံးသားအခဲအငွေ့ပျံတာ
ရင်ဘတ်မှာ ဖြစ်နေကျအလေ့အထတစ်ခု
နောက်ထပ်ထုဆစ်နေတော့ကော
ပုံစံမတူတဲ့ပုံရိပ်နဲ့
တန်ပြန်မှုမတူသောရိုက်ခတ်ချက်
ကြားနေကျအသံချင်းလည်း တူမှာမှမဟုတ်ပဲလေ
မှောင်နေကျအခန်းမှောင်နေပါစေတော့ကွယ်.............
ကိုသူ(ကဗျာချစ်သူ)
31.1.09
Posted by
wkthu
at
7:29 PM
0
comments
ည၊လမင်းနဲ့ပန်း အိပ်မက်
ညကလေး
လှပမှု မွမ်းထုံ
ကြုံခဲ့တယ် အမှတ်တမဲ့သာ
နူးညံ့စွာ အနိုင်ယူ
ဖေးကူပါ အားဆေးကြွေး
မဆွေးပါရစေနဲ့
ကြင်လှဲ့ပါကွဲ့
ညခင်းငယ်ရဲ့.....
လကလေး
အေးမြှုလွှမ်းခြုံ
ဆုံခဲ့တယ် မထင်မှတ်စွာ
တစ်ဘ၀စာ အပိုင်ယူ
မငြူစူပါ အားလုံးပေး
မဝေးပါရစေနဲ့
နီးပါရစေကွဲ့
လမင်းငယ်ရဲ့......
ပန်းကလေး
မွှေးမြမှု ရနံ့စုံ
ပုံခဲ့တယ် ယုံမှားကင်းကာ
သိမ့်မွေ့စွာ အလံထူ
သရဖူသခင်ပါ အားများမွေး
ပေးအပ်ပါရစေကွဲ့
မြတ်နိုးစွာနဲ့
ပန်းဆင်းငယ်ရဲ့.....
အိပ်မက်လေး
ကြည်နူးမှု အပြည့်စုံ
ယုံခဲ့တယ် သံသယမရှိပါ
သိပ်းပိုက်ကာ အကြင်နာယူ
မပူပင်ပါ လွမ်းခြင်းဝေး
ထွေးပွေ့ပါလှဲ့
ငဲ့ကြည့်ပါကွဲ့
အိပ်မက်ငယ်ရဲ့.......
ကိုသူ(ကဗျာချစ်သူ)
29.1.09
Posted by
wkthu
at
7:29 PM
0
comments