Monday, February 2, 2009

အမေ
အမှတ်ရသေးတယ်အမေ....

အကြောင်းမလှ
ချွတ်ချုံကျ
ထကာလူးလဲ
စီးပွားနည်းတာမမှု
အံတုကာ ဘ၀ကိုရင်ဆိုင်
မယိုင်မတွန့်
မရွံမကြောက်
နောက်မဆုတ်တမ်း
ရွက်ထမ်းခဲ့ သားသမီးတွေအတွက်
ကျောက်ထက်အက္ခရာထွင်းခဲ့
အာဇာနည်ဘွဲ့ပေးလောက်အောင်သွေးတွေနဲ့ပဲ
သူရဲကောင်းစိတ်ဓာတ်
မှတ်ကျောက်တင်တဲ့ ဇွဲနပဲ
သတ္တိမနည်း အသည်းကောင်းတဲ့ မေတ္တာတော်ရှင်....

အများတကာလို
မပိုသာ စီးပွားရေး
မပေးနိုင် ဥစ္စာအမွေအစား
အားမွေးတယ်ပညာသင်ပေးနိုင်ဖို့
အံတင်းကာ လောကဓံနဲ့ဖက်ပြိုင်
အမေ့ပန်းတိုင်ကမြင့်
ဘ၀တင့်လှပကာ
ပညာတတ်တွေအလွန်ဖြစ်စေချင်
မွန်မြတ်လှ ဒီစိတ်ထား
အနှိုင်းမဲ့ပါလား အမေ.......

ဈေးတောင်းခေါင်းရွက်
အကြော်သည်လက်က
သုတအံ့ဖွယ်တစ်ခုလို
ပြုစုခဲ့ပျိုးထောင်
မြေတောင်မြှောက်မြှင့်တင်
မြင့်မားစွာ ကျေပွန်
ဆရာဝန်တစ်ယောက်
အင်ဂျင်နီယာ နှစ်ယောက်
တပ်မတော်အင်ဂျင်နီယာတစ်ယောက်
ကြောက်ခမန်းလိလိ
သိသာတဲ့ ရွက်ဆောင်မှု
အလေးပြုပါရစေ အမေ.....

သားသမီးတွေအတွက်တွေး
လွတ်လပ်ခွင့်ပေး အပြည့်အဝ
ဝါသနာဘာဂီလှစေဖို့
ချွန်မြစေလေ့ကျင့်
ပင့်တင်ကာ အားပေး
စာရေးစာဖတ်
ဂစ်တာတီးသီချင်းဆို
ပေါင်းသင်းထားခေတ်နဲ့အညီ
အားကစားလိုက်စားအများနဲ့အမှီ
ပန်းချီလည်းရေးချင်ရေး
အလေးပေး ပီတီဂွမ်းဆီထိ
မုဒိတာတွေဝေ
ပါရမီအပြည့်ဖြည့်အစုံ
တော်တန်ရုံအရည်အချင်းမဟုတ်ဘူး
ထူးခြားတဲ့စိတ်ထားပါ အမေ.....

ကျောင်းအားရက်မှာ
အလုပ်လုပ်ငွေရှာ
ကိုယ်ဝမ်းစာကိုယ်ကျောင်း
ကိုယ်ကျောင်းစရိတ်ကိုယ်ဖာလို့
သားသမီးမိှု့ မကြည့်ရက်
မခိုင်းရက် ရင်မချိပေမယ့်
ဘ၀အသိကြွယ်စေကာ
ကိုယ့်ခြေထောက်မှာ ကိုယ်ရပ်
တတ်အပ်တယ် သတ္တိအကျင့်အလိုလိုပြည့်ဝ
ဝံ့စားကာ ဂုဏ်ယူအလှတွေနဲ့
မော်ကြွားခဲ့သူ အမေ့ဖြစ်အင်သို့
လွန်တယ်လို့မထင်ပါဘူး အမေ....


ဟုတ်ကဲ့ တကယ်သာ
အနန္တပါပဲ ဂိုဏ်းဝင်
ကျေးဇူးတော်ရှင် ဘုရားနဲ့တတန်းတည်း
မေတ္တာပန်းတွေပွင့်
မမေ့သင့်တဲ့ ပုဂ္ဂိုလ်ထူး
ဦးညွတ်အထူးကြည်ညိုလေးစား
ဝပ်တွားကာ ကန်တော့ကော်ရော်
ပူဇော်ခွင့်ပြုပါအမွန်အမြတ် ကျေးဇူးတင်တလှည့်ပြန်ဆပ်ဖို့
အသည်းနဲ့ထပ်တူချစ်ရပါသော
လောကရဲ့ ဖန်ဆင်းရှင်
ဘ၀နာယကအသင်းဝင် သို့အမေ......


ကိုသူ
ပြာသိုလ်လပြည့် အမေနေ့အမှတ်တရ
(10.1.09)
မှတ်ချက်။ ။အမ်စီအိုပြိုင်ပွဲ(၄)မှာ ၀င်ပြိုင်ထားတဲ့ကဗျာလေးပါ....

No comments: